close

လွိုင်ကော် ပြည်နယ်အစိုးရရုံးမဏ္ဍပ် ဒရုန်းဖြင့် ဗုံးကြဲခံရ၊ စစ်ကောင်စီအရာရှိ အပါအဝင် ၂၀ ကျော် ဒဏ်ရာရ

ကရင်နီ (ကယား) ပြည်နယ် လွိုင်ကော်မြို့၊ ပြည်နယ်အစိုးရရုံးမဏ္ဍပ် ဒီနေ့မနက် ၁၀ နာရီဝန်းကျင်မှာ ဒရုန်းနဲ့ ဗုံးကြဲခံရပြီး လူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့‌ ဒေသခံတွေက ပြောပါတယ်။

ပြည်နယ်အစိုးရရုံးမဏ္ဍပ်မှာ လေယာဉ်ကွင်းအနီးရှိ ပြည်နယ်အစိုးရရုံးအတွင်းမှာ ပြုလုပ်တာဖြစ်ပြီး လုံခြုံရေးလည်း တင်းကပ်ထားတဲ့နေရာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။  

ယိမ်းအက ကသူတွေ  စင်ပေါ်မှာ ကပြဖျော်ဖြေနေချိန် ဒရုန်းနဲ့ဗုံးကြဲတိုက်လိုက်ခံရတာဖြစ်ပြီး စစ်ကောင်စီရဲ့ ရာထူးကြီးပိုင်း ၂ ဦးအပါအဝင် ၂၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့ဘေးက သွားတွေ့တဲ့လူတွေရဲ့ အပြောအဆိုအရကတော့  ထိခိုက်တာ ၂၄ ယောက်လောက်တော့ ရှိတယ်ပြောတယ်ဗျာ။ အဲဒီဝင်းကြ ပြည်နယ်အစိုးရဝင်းကြီးက လုပ်တဲ့ အခမ်းအနားဆိုတော့ ဘယ်သူမှဝင်လို့မရဘူး။ ကျနော်တို့ကြားရသလောက်ကတော့ ဒရုန်းနဲ့ချတယ်လို့ပဲ ကြားရတာပေါ့” လို့ ဒေသခံတဦးက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုချက်အရ ပြည်နယ်အစိုးရ ညွန်ကြားရေးမှူး ဦးကျော်ကျော်အုန်း အပါအဝင် အရာရှိ ၂ ဦး ပြင်းထန်စွာဒဏ်ရာရရှိပြီး သူတို့ကို ရဟတ်ယာဉ်နဲ့ သယ်ယူသွားတယ်လို့ ပြောပါတယ်။

“အကောင်ကြီးက ကျောပေါက်သွားတယ်ကြားတယ်။ ရဟတ်ယာဥ်လာတာ လူနာလာသယ်တာလားတော့ မပြောတတ်ဘူး” ဒေသခံက ပြောပါတယ်။ 

တိုက်ခိုက်ခံရပြီးနောက် လွိုင်ကော်ကနေ ဒီးမော့ဆိုဘက်ကို လက်နက်ကြီးတွေနဲ့ ပတ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အလားတူ မိုးဗြဲဘက်မှာလည်း စစ်ကောင်စီရဲ့ ၄၂၂ တပ်ကနေပြီး လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

Up