မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ မတ်လ ၁၅ ရက် ညနေပိုင်းက စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၈ ယောက်ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ ကနေ သိရပါတယ်။
ရေစကြိုမြို့နယ်၊ ဆင်ဖြူရှင်တံတားက စစ်ကောင်စီတပ်သား အပြောင်းအလဲလုပ်တဲ့ စာရွက်စာတမ်းတွေကို သယ်လာတဲ့ ဒိုင်နာကားကို လုံခြုံရေးယူပြီး ရှေ့ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား အင်အား ၇၀ လောက်ကို မနေ့ညနေ ၃ နာရီခွဲလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ရေစကြို-ချောင်းဦးကားလမ်းနဲ့ ရထားသံလမ်းကြားက မအူပန်းခြံနားမှာ အနီးကပ် တိုက်ခိုက်ခဲ့တာလို့ ရေစကြို ပ.က.ဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ပြောပါတယ်။
“ကျနော်တို့ဘက်က နာရီဝက်လောက် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၈ ယောက်ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး အလောင်းတွေကို မအူစခန်းက ဒိုင်နာကားနဲ့ ခလရ ၂၅၈ တပ်ရင်းထဲကို သယ်သွားကြတယ်။ မအူရဲစခန်းနဲ့ နီးတဲ့အတွက် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ကူပေးပြီး မြေပြင်စစ်ကူတွေ လိုက်လာလို့ ပြန်ဆုတ်တဲ့အချိန်မှာ ကျနော်တို့ဘက်က ရဲဘော် ၁ ယောက် ပေါင်ကို ကျည်ဆန်ထိမှန်ပြီး ဒဏ်ရာရရှိပေမဲ့ ဒဏ်ရာအခြေအနေက မစိုးရိမ်ရဘဲ ဆေးဝါးကုသမှု ခံယူနေတယ်။”
အဲဒီတိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပကဖ၊ ပခုက္ကူခရိုင် အမှတ်-၉ တပ်ရင်းနဲ့ Super Fighter ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်မှာလည်း မတ် ၁၅ ရက်က စစ်ကောင်စီစစ်ကြောင်းနဲ့ ပျူစောထီးရွာ ၁ ရွာ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ပေါက် PDF တပ်ရင်း-၄ ကနေ သိရပါတယ်။
ပေါက်မြို့နယ်မြောက်ပိုင်းက သနပ္ပစင်းကျေးရွာမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်လောက်ပါတဲ့ စစ်ကြောင်းကို မတ် ၁၅ ရက် မနက် ၈ နာရီကျော်လောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ကြတာလို့ ပေါက် PDF တပ်ရင်း-၄ ရဲ့ တာဝန်ခံ ဗိုလ်ငသွေးက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သူရှိနိုင်ပြီး ပိတ်မိနေတာကြောင့် လေကြောင်းပစ်ကူ ခေါ်ယူတဲ့အတွက် Mi35 တိုက်ခိုက်ရေးရဟတ်ယာဥ် ၁ စီးနဲ့ လေကြောင်းပစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။
“စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးရဟတ်ယာဥ်ဟာ သနပ္ပစင်းကျေးရွာ ပတ်ချာလည်ကို ၅ ကြိမ်လောက် ကျည်ကုန်တဲ့အထိ ပစ်ခတ်ခဲ့လို့ သူတို့လူတွေကို ထိတယ်လို့တော့ သတင်းကြားတယ်။ စစ်ကောင်စီစစ်ကြောင်းက သူတို့တပ်စွဲထားတဲ့ နေအိမ်တလုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်” လို့ ဗိုလ်ငသွေးက ပြောပါတယ်။
ပေါက်မြို့နယ်မှာမြောက်ပိုင်းကို ထိရင် တောင်ပိုင်းကကြွတယ်ဆိုတဲ့သဘောနဲ့ ဒီးတုတ်ကွင်း ပျူစောထီးရွာကို ညနေ ၄ နာရီလောက်က King Fighter တပ်ဖွဲ့ အပါအဝင် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး လက်နက်ကြီးနဲ့ အလုံး ၄၀ လောက် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ ဒီဇင်ဘာ ၆ ရက် မနက်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၄ ယောက်လောက် သေဆုံးခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အထူးတပ်ဖွဲ့ (MSDF) ကနေ သိရပါတယ်။
မြောင်မြို့နယ် ရွှေဘုံသာကျေးရွာက နေအိမ် ၉ လုံးကို မီးရှို့ပြီးပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မနေ့မနက်ပိုင်းမှာ ပဒေသာမိုင်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က နှစ်ယောက် ပွဲချင်းပြီးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ MSDF ရဲ့ တာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“ဒဏ်ရာရရှိခဲ့တဲ့ စစ်(...)တွေကို ထမ်းစင်တွေနဲ့ သယ်သွားတယ်လို့ သိရတယ်။ အဲဒီ ဒဏ်ရာရရှိတဲ့ထဲက သေဆုံးတဲ့သူတွေရှိနိုင်လို့ ဆက်လက်စုံစမ်းနေပြီး အဲဒီလူနာတွေ ကျောက်ရစ်ရဲစခန်းကို ဆေးကုသဖို့ ပြန်လာတဲ့အချိန် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက အသင့်စောင့်ပြီး ခြုံခိုတိုက်ခိုက်ခဲ့တယ်။ စစ်(...)တွေဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာကြောင့် ၁၅ မိနစ်လောက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်(...)တွေဘက်က ရှေ့ပြေး ပွိုင့်ထွက်လာတဲ့ တပ်သား နှစ်ယောက် ပွဲချင်းပြီးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်။”
အဲဒီတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် တပ်ရင်း-၄ MSDF နဲ့အတူ မြင်းခြံခရိုင် တပ်ရင်း-၁၊ ၃၊ ၄ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး MSDF တပ်ဖွဲ့ဘက်က အထိအခိုက် အကျအဆုံး မရှိခဲ့ဘူးလို့ ဆိုပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ ရွှေဘုံသာရွာထဲကို ဝင်ရောက်ပြီး ဒေသခံပြည်သူတွေနဲ့အတူ ဝိုင်းဝန်းမီးငြှိမ်းသတ်ပေးခဲ့ပေမဲ့ နေအိမ် ၉ လုံး၊ နွားတကောင်နဲ့ စားနပ်ရိက္ခာတွေ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ပြောပါတယ်။
မုံရွာ-မန္တလေး ကားလမ်းမှာလည်း နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်းက မိုင်းရှာဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို MSDF အပါအဝင် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၇ ယောက်သေဆုံးကာ ၄ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။