close

မြောင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၄ ဦးခန့်သေဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ ဒီဇင်ဘာ ၆ ရက် မနက်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၄ ယောက်လောက် သေဆုံးခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အထူးတပ်ဖွဲ့  (MSDF) ကနေ သိရပါတယ်။

မြောင်မြို့နယ် ရွှေဘုံသာကျေးရွာက နေအိမ် ၉ လုံးကို မီးရှို့ပြီးပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မနေ့မနက်ပိုင်းမှာ ပဒေသာမိုင်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က နှစ်ယောက် ပွဲချင်းပြီးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ MSDF ရဲ့ တာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ဒဏ်ရာရရှိခဲ့တဲ့ စစ်(...)တွေကို ထမ်းစင်တွေနဲ့ သယ်သွားတယ်လို့ သိရတယ်။ အဲဒီ ဒဏ်ရာရရှိတဲ့ထဲက သေဆုံးတဲ့သူတွေရှိနိုင်လို့ ဆက်လက်စုံစမ်းနေပြီး အဲဒီလူနာတွေ ကျောက်ရစ်ရဲစခန်းကို ဆေးကုသဖို့ ပြန်လာတဲ့အချိန် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက အသင့်စောင့်ပြီး ခြုံခိုတိုက်ခိုက်ခဲ့တယ်။ စစ်(...)တွေဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာကြောင့် ၁၅ မိနစ်လောက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်(...)တွေဘက်က ရှေ့ပြေး ပွိုင့်ထွက်လာတဲ့ တပ်သား နှစ်ယောက် ပွဲချင်းပြီးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်။”

အဲဒီတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် တပ်ရင်း-၄ MSDF နဲ့အတူ မြင်းခြံခရိုင် တပ်ရင်း-၁၊ ၃၊ ၄ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး MSDF တပ်ဖွဲ့ဘက်က အထိအခိုက် အကျအဆုံး မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ ရွှေဘုံသာရွာထဲကို ဝင်ရောက်ပြီး ဒေသခံပြည်သူတွေနဲ့အတူ ဝိုင်းဝန်းမီးငြှိမ်းသတ်ပေးခဲ့ပေမဲ့ နေအိမ် ၉ လုံး၊ နွားတကောင်နဲ့ စားနပ်ရိက္ခာတွေ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ပြောပါတယ်။

မုံရွာ-မန္တလေး ကားလမ်းမှာလည်း နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်းက မိုင်းရှာဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို MSDF အပါအဝင် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၇ ယောက်သေဆုံးကာ ၄ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up