မွန်ပြည်နယ် သံဖြူဇရပ်-ရေးကားလမ်းရှိ ကား ၇ စီးပါ စစ်ကောင်စီယာဉ်တန်းကို အောက်တိုဘာ ၁၅ ရက် ညနေ ၆ နာရီ ၅၀ မိနစ်က ကြားဖြတ် ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်နယ် တောင်ညို ပြောက်ကျားတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီကား ၇ စီးဟာ ရေးမြို့ဘက်ကနေ သံဖြူဇရပ်မြို့ဘက်ကို သွားနေစဉ် ပိန္နဲတောရွာနဲ့ ရွာသာယာအေးရွာကြားမှာ ချုံခိုတိုက်ခိုက်ခံရတာဖြစ်ပြီး ၁၀ ယောက်လောက် ထိခိုက်ကျဆုံးခဲ့ သလို ကား ၂ စီး ပါ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မွန်ပြည်နယ် တောင်ညိုပြောက်ကျားတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးတာ မရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အခုလို တိုက်ခိုက်တာတွေကြောင့် ဒေသခံရွာသားတွေအနေနဲ့ တိုက်ပွဲအရှိန် ဆက်မြင့်လာမှာကို စိုးရိမ် မကင်းဖြစ်နေကြပါတယ်။
ရေး -သံဖြူဇရပ် ကားလမ်းမှာ စစ်ကောင်စီ ယာဉ်တန်းတွေ မကြာခဏဆိုသလို ချုံခို ကြားဖြတ် တိုက်ခိုက်ခံရလေ့ရှိပြီး ခရီးသွားတွေ သတိရှိကြဖို့ စစ်ကောင်စီကားနဲ့အတူ မသွားလာကြဖို့ မွန်ပြည်နယ်တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့မှ တိုက်တွန်းထားပါတယ်။
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီကား ၄ စီးပါ ယာဉ်တန်းကို နှစ်ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့လို့ တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးနိုင်ပြီး စစ်ကားတစီးပျက်စီးသွားတယ်လို့ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ထုတ်ပြန်ပါတယ်။
ဒီနေ့ မနက် ၇ နာရီကျော်လောက်က မြိတ်ကနေ ထားဝယ်ဘက် မောင်းနှင်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို တပိုကျေးရွာအနီးမှာ အရိပ်အဖွဲ့ Palaw Shadow Guerrilla Force (P.S.G.F) တပ်ဖွဲ့က မိုင်းနှစ်လုံးနဲ့ နန်းထိုက်အောင်စစ်ဆင်ရေးအနေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် စစ်ကားတစီးမှာ ထိခိုက်မှုပြင်းထန်တာကြောင့် ချန်ထားခဲ့ပြီး ကျန်သုံးစီးနဲ့ ပုလောဘက်ကို အရှိန်ပြင်းစွာ မောင်းနှင်ထွက်ပြေးသွားကြောင်း၊ တပိုရွာမှာကျန်ခဲ့တဲ့ စစ်ကောင်စီ တပ်သားတွေကိုတော့ မြိတ်လူနာတင်ယာဉ်တစ်စီးက လာရောက်သယ်ယူသွားပါတယ်။
အရှိန်ပြင်းစွာမောင်းနှင်ထွက်ပြေးလာတဲ့ စစ်ကောင်စီကား ၃ စီးကို မနက် ၈ နာရီလောက်မှာ တောကြီးမြွေဟောက်အဖွဲ့ (King Cobra Force) နဲ့ Ghost-Ranger(Palaw-UG) ပူးပေါင်းတပ်က ခမောင်းတောကျေးရွာ ကျောက်ပုဇွန်တောင်ထိပ်မှာ လက်နက်ငယ်တွေနဲ့ တရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အသေအပျောက်များနိုင်တယ်လို့ King Cobra Force က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြန်လည်ရမ်းသန်းပစ်ခတ်ကာ ပုလောဘက်ကို အရှိန်ပြင်းစွာ ဆက်လက်မောင်းနှင်သွားကြပြီး တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အထိအခိုက်မရှိခဲ့ဖူးလို့ သိရပါတယ်။
ပုလောမြို့နယ်မှာ စစ်ကောင်စီယာဉ်တန်း မကြာခဏမိုင်းဆွဲတိုက်ခိုက်ခံနေရတဲ့အပြင် စစ်ကောင်စီတပ်စွဲထားတဲ့နေရာတချို့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်တာ ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။