close

ပုလောမြို့နယ်တွင် စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်‌ကောင်စီကား ၄ စီးပါ ယာဉ်တန်းကို  နှစ်ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့လို့ တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးနိုင်ပြီး စစ်ကားတစီးပျက်စီးသွားတယ်လို့ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ထုတ်ပြန်ပါတယ်။

ဒီနေ့ မနက် ၇ နာရီကျော်လောက်က မြိတ်ကနေ ထားဝယ်ဘက် မောင်းနှင်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို တပိုကျေးရွာအနီးမှာ အရိပ်အဖွဲ့ Palaw Shadow Guerrilla Force (P.S.G.F) တပ်ဖွဲ့က မိုင်းနှစ်လုံးနဲ့ နန်းထိုက်အောင်စစ်ဆင်ရေးအနေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် စစ်ကားတစီးမှာ ထိခိုက်မှုပြင်းထန်တာကြောင့် ချန်ထားခဲ့ပြီး ကျန်သုံးစီးနဲ့ ပုလောဘက်ကို အရှိန်ပြင်းစွာ မောင်းနှင်ထွက်ပြေးသွားကြောင်း၊ တပိုရွာမှာကျန်ခဲ့တဲ့ စစ်ကောင်စီ တပ်သားတွေကိုတော့ မြိတ်လူနာတင်ယာဉ်တစ်စီးက လာရောက်သယ်ယူသွားပါတယ်။

အရှိန်ပြင်းစွာမောင်းနှင်ထွက်ပြေးလာတဲ့ စစ်ကောင်စီကား ၃ စီးကို မနက် ၈ နာရီလောက်မှာ တောကြီးမြွေဟောက်အဖွဲ့ (King Cobra Force) နဲ့  Ghost-Ranger(Palaw-UG) ပူးပေါင်းတပ်က ခမောင်းတောကျေးရွာ ကျောက်ပုဇွန်တောင်ထိပ်မှာ လက်နက်ငယ်တွေနဲ့ တရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အသေအပျောက်များနိုင်တယ်လို့ King Cobra Force က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြန်လည်ရမ်းသန်းပစ်ခတ်ကာ  ပုလောဘက်ကို အရှိန်ပြင်းစွာ ဆက်လက်မောင်းနှင်သွားကြပြီး တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အထိအခိုက်မရှိခဲ့ဖူးလို့ သိရပါတယ်။

ပုလောမြို့နယ်မှာ စစ်ကောင်စီယာဉ်တန်း မကြာခဏမိုင်းဆွဲတိုက်ခိုက်ခံနေရတဲ့အပြင် စစ်ကောင်စီတပ်စွဲထားတဲ့နေရာတချို့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်တာ ခံနေရတယ်လို့ ဒေသခံတွေက  ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up