သမ္မတဗလာဒီမာပူတင်အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဆိုင်ရာတရားရုံး (အိုင်စီစီ) က ထုတ်ပြန်လိုက်တဲ့ ဖမ်းဝရမ်းနဲ့ သူ့ကိုဖမ်းဆီးဖို့ကြိုးပမ်းတဲ့ ဘယ်နိုင်ငံကိုမဆို စစ်ကြေညာမှုအဖြစ် သတ်မှတ်မှာဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီရဲ့ ဒုဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက်ဗ်ဟာ မတ် ၂၃ ရက်မှာ ပြောကြားပါတယ်။
နိုင်ငံပိုင်သတင်းအေဂျင်စီ TASS အပါအဝင် ရုရှားသတင်းထောက်တွေနဲ့ တွေ့ဆုံမေးမြန်းမှုတခုမှာ မက်ဗီဒက်ဗ်က ယူကရိန်းဟာ ကြီးမြတ်တဲ့ ရုရှားနိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ရုရှားနဲ့ အနောက်နိုင်ငံတွေကြား ဆက်ဆံရေးဟာလည်း လာမယ့်အနာဂတ်မှာ ပြန်လည်ဖြစ်ထွန်းလာဖို့ အလားအလာ မတွေ့ရဘူးလို့ သူက ဖြည့်စွက်ပြောပါတယ်။
ရုရှားသမ္မတဟောင်းလည်းဖြစ်တဲ့ မက်ဗီဒက်ဗ်က အနောက်နိုင်ငံတွေဟာ ရုရှားနဲ့ တရုတ်နိုင်ငံတို့ရဲ့ လွတ်လပ်မှုကို မနှစ်မြို့သလို ရုရှားကို ပိုမိုအားနည်းသွားအောင် သေးငယ်တဲ့နိုင်ငံတွေအဖြစ် ခွဲထုတ်ဖို့ အနောက်အုပ်စုက ကြိုးပမ်းနေမှာဖြစ်တဲ့အတွက် လာမယ့်ဆယ်စုနှစ်တွေအတွင်း တိတ်ဆိတ်မှုကင်းမဲ့နေမှာ မဟုတ်ဘူးလို့လည်း မှတ်ချက်ပေးပါတယ်။
နျူးကလီးယားပဋိပက္ခဆိုင်ရာ ခြိမ်းခြောက်မှုကလည်း လက်ရှိမှာ ကြီးထွားလာနေပြီး အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ နျူးကလီးယားလက်နက် ပိုင်ဆိုင်မှုမှာ ရုရှားက တန်းတူညီမှု ရှိတဲ့အပြင် ရုရှားရဲ့ ကြီးကျယ်မြင့်မြတ်မှုက နိုင်ငံတည်တံ့ခိုင်မြဲရေးအတွက် အာမခံချက် ပေးထားနိုင်တယ်လို့လည်း မက်ဗီဒက်ဗ်က ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားက သူ စမ်းသပ်ပစ်လွှတ်တဲ့ ဒုံးကျည်တစင်းကို ပစ်ချမယ့် ဘယ်လို ဆောင်ရွက်မှုကိုမဆို စစ်ကြေညာတာလို့ယူဆမယ်လို့ ကင်မ်ဂျုံအန်းရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က မတ် ၇ ရက်မှာ သတင်းထုတ်လွှင့်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ သြဇာကြီးမားတဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျောင်က မြောက်ကိုရီးယားရဲ့ မဟာဗျူဟာမြောက် လက်နက်စမ်းသပ်မှုကို အမေရိကန်က စစ်ရေးအရ အရေးယူမယ်ဆိုရင် ဒါကို “စစ်ကြေညာခြင်း” အဖြစ် ပြုံယမ်းက ရှုမြင်မှာဖြစ်ကြောင်း သတိပေးကြေညာလိုက်ပြီး မြောက်ကိုရီးယားဟာ ပစိဖိတ်သမုဒ္ဒရာထဲကို ဒုံးကျည်တွေ ပိုမိုပစ်ခတ်နိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
အမေရိကန်ဟာ မတ် ၆ ရက်က B-52 ဗုံးကြဲလေယာဉ်နဲ့အတူ ပူးတွဲ လေကြောင်းလေ့ကျင့်မှု ပြုလုပ်လိုက်တာနဲ့ အမေရိကန်-တောင်ကိုရီးယား ကွင်းဆင်းစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ဖို့ စီစဉ်နေတာဟာ နှစ်နိုင်ငံအကြားတင်းမာမှု အခြေအနေကို ပိုဆိုးရွားစေကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးအကဲက စွပ်စွဲပြောပါတယ်။
အမေရိကန်နဲ့ သူ့မဟာမိတ်တွေကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တားမြစ်ထားတဲ့ မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည်တွေကို ဘယ်တုန်းကမှ မပစ်ချခဲ့ပါဘူး။
ဒါပေမဲ့ မြောက်ကိုရီးယားက ဂျပန်နိုင်ငံကို ဒုံးကျည်တွေနဲ့ ထပ်ပစ်ခတ်ဖို့ရှိကြောင်း ထုတ်ပြောလာကတည်းက ဖြစ်နိုင်ခြေတွေကို မှန်းဆစိစစ်နေကြတုန်း ဖြစ်ပါတယ်။
မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ဒုံးကျည်တွေနဲ့ ခြိမ်းခြောက်နေတာကို ဆန့်ကျင် အင်အားပြတဲ့အနေနဲ့ မတ် ၆ ရက်မှာ မဟာမိတ် တောင်ကိုရီးယားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ရာမှာ အမေရိကန်က B-52 ဗုံးကြဲလေယာဉ်တစင်း ပျံသန်းခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက မတ် ၆ ရက်က ထုတ်ပြန်ခဲ့တဲ့ ရုပ်သံဖိုင်မှာ B-52 ဗုံးကြဲလေယာဉ်ဟာ စစ်ရေးလေ့ကျင့်မှုအတွင်း တောင်ကိုရီးယား တိုက်လေယာဉ်တွေနဲ့အတူ ပျံသန်းနေတာကို တွေ့ခဲ့ရပါတယ်။
B-52 ဗုံးကြဲလေယာဉ်တွေဟာ နျူးကလီးယား လက်နက်တွေကို သယ်ဆောင်နိုင်စွမ်း ရှိပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်ခြင်းအားဖြင့် ငြိမ်းချမ်းရေးကို မြှင့်တင်နိုင်လိမ့်မယ်လို့ ဆိုးလ်မြို့တော်က ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားဟာ အစဉ်အလာအားဖြင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ပြီး စစ်ရေးလေ့ကျင့်တာဟာ ကျူးကျော်ဖို့ ပြင်ဆင်တာလို့ သတ်မှတ်ထားပါတယ်။