close

အိုင်စီစီ၏ ဖမ်းဝရမ်းအကောင်အထည်ဖော်သည့်နိုင်ငံကို စစ်ကြေညာသည် သတ်မှတ်မည်ဟု ရုရှား သတိပေး

သမ္မတဗလာဒီမာပူတင်အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဆိုင်ရာတရားရုံး (အိုင်စီစီ) က ထုတ်ပြန်လိုက်တဲ့ ဖမ်းဝရမ်းနဲ့ သူ့ကိုဖမ်းဆီးဖို့ကြိုးပမ်းတဲ့ ဘယ်နိုင်ငံကိုမဆို စစ်ကြေညာမှုအဖြစ် သတ်မှတ်မှာဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီရဲ့ ဒုဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက်ဗ်ဟာ မတ် ၂၃ ရက်မှာ ပြောကြားပါတယ်။ 

နိုင်ငံပိုင်သတင်းအေဂျင်စီ TASS အပါအဝင် ရုရှားသတင်းထောက်တွေနဲ့ တွေ့ဆုံမေးမြန်းမှုတခုမှာ မက်ဗီဒက်ဗ်က ယူကရိန်းဟာ ကြီးမြတ်တဲ့ ရုရှားနိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ရုရှားနဲ့ အနောက်နိုင်ငံတွေကြား ဆက်ဆံရေးဟာလည်း လာမယ့်အနာဂတ်မှာ ပြန်လည်ဖြစ်ထွန်းလာဖို့ အလားအလာ မတွေ့ရဘူးလို့ သူက ဖြည့်စွက်ပြောပါတယ်။

ရုရှားသမ္မတဟောင်းလည်းဖြစ်တဲ့ မက်ဗီဒက်ဗ်က အနောက်နိုင်ငံတွေဟာ ရုရှားနဲ့ တရုတ်နိုင်ငံတို့ရဲ့ လွတ်လပ်မှုကို မနှစ်မြို့သလို ရုရှားကို ပိုမိုအားနည်းသွားအောင် သေးငယ်တဲ့နိုင်ငံတွေအဖြစ် ခွဲထုတ်ဖို့ အနောက်အုပ်စုက ကြိုးပမ်းနေမှာဖြစ်တဲ့အတွက် လာမယ့်ဆယ်စုနှစ်တွေအတွင်း တိတ်ဆိတ်မှုကင်းမဲ့နေမှာ မဟုတ်ဘူးလို့လည်း မှတ်ချက်ပေးပါတယ်။

နျူးကလီးယားပဋိပက္ခဆိုင်ရာ ခြိမ်းခြောက်မှုကလည်း လက်ရှိမှာ ကြီးထွားလာနေပြီး အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ နျူးကလီးယားလက်နက် ပိုင်ဆိုင်မှုမှာ ရုရှားက တန်းတူညီမှု ရှိတဲ့အပြင် ရုရှားရဲ့  ကြီးကျယ်မြင့်မြတ်မှုက နိုင်ငံတည်တံ့ခိုင်မြဲရေးအတွက် အာမခံချက် ပေးထားနိုင်တယ်လို့လည်း မက်ဗီဒက်ဗ်က ပြောကြားခဲ့ပါတယ်။

Up