နှစ်နိုင်ငံ နယ်နိမိတ်ကြား စစ်ဆင်ရေးလုပ်ပါက သတိထားဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရှ်က မြန်မာဘက်ကို သတိပေးလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းတွေမှာ ရေးသား ထားပါတယ်။
အောက်တိုဘာ ၂၆ ရက်က ဒုဗိုလ်ချုပ်ကြီး ဖုန်းမြတ်ဦးဆောင်တဲ့အဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရှာဖီယူဒင်အာမက်တို့ ဒါကာမြို့ရှိ စစ်ဌာနချုပ်မှာ တွေ့ဆုံစဥ် အခုလို သတိပေးပြောဆိုလိုက်တာပါ။
တွေ့ဆုံမှုအတွင်း ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ရခိုင်ပြည်နယ်ဒေသခံ ရိုဟင်ဂျာတွေကို အမြန်ဆုံးနေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်ဖို့ အဓိက ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ နယ်နိမိတ်ချင်း ထိစပ်နေသောဒေသတွေမှာ စစ်ဆင်ရေး လုပ်တဲ့အခါ သတိထား ဆောင်ရွက်ဖို့ သတိပေးပြောကြားခဲ့တယ်လို့ ရေးသားဖော်ပြထားကြပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်ကလည်း ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ မူလနေရပ် ရခိုင်ပြည်နယ်သို့ အမြန်ဆုံး ပြန်နိုင်ဖို့ အဓိကဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးဦးစီးချုပ်ကလည်း နေရပ်စွန့်ခွာလာခဲ့ကြတဲ့ မြန်မာနိုင်ငံမှ ဒုက္ခသည် ပြဿနာအပါအဝင် ဒေသဆိုင်ရာ ပြဿနာတွေနဲ့ ဒုက္ခသည်တွေကို အချိန်အကြာကြီး ထားရှိ ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ လုံခြုံရေးအန္တရာယ်နဲ့ မူဆလင် ဒုက္ခသည်တွေ အမြန်ဆုံး နေရပ် ပြန်နိုင်ဖို့ လုံခြုံရေးဆိုင်ရာကိစ္စတွေကို အလေးပေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဥ်တွေကြောင့် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရာမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းနေ ဒေသခံမူဆလင်ဒုက္ခသည် ၆ သိန်းကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေး ခိုလှုံနေကြရပြီး ငါးနှစ်ကျော်ကာလအထိ ရောက်နေပေမဲ့ ဒီနေ့အထိ နေရပ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စစ်ကောင်စီတပ်တွေ စစ်အင်အား ဖြည့်တင်းပြီး ပြည်သူ့ကာကွယ်ရေးတပ် PDFတွေ လှုပ်ရှားရာ နေရာတွေကို စစ်ဆင်ရေး စတင်နေပြီလို့ ရေး PDF မြောက်ပိုင်းအဖွဲ့က ပြောပါတယ်။
သြဂုတ် ၁၁ ရက်မှာ သံဖြူဇရပ်ဘက်ကနေ စစ်ကောင်စီတပ်တွေ ရေးမြို့နယ် မြောက်ပိုင်းဒေသဖြစ်တဲ့ ကနင်ကမော့၊ လိမ္မော်ခြံ၊ အောင်သပြေ၊ ပိန္နဲတောကျေးရွာတွေဘက်နဲ့ ထားဝယ်ဘက်ကနေ တက်လာပြီး ရေးတောင်ပိုင်းဒေသမှာ စစ်ကြောင်းထိုးလာခဲ့တယ်လို့ ရေး PDF မြောက်ပိုင်းအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
“ဒီနေ့ ထားဝယ်ကနေတက်လာတဲ့ စစ်ယာဉ်တန်း ၆ စီးကို ကျနော်တို့ထွက်တိုက်တာ မမီဘူး။ ဒါကို ပိန္နဲတောအဖွဲ့ကို သတင်းထပ်ပေးလိုက်တယ်။ သူတို့ တိုက်ဖြစ်တယ်။”
စစ်အင်အားဖြည့်တင်းလာတဲ့ စစ်ကား ၆ စီးကို မွန်ပြည်နယ် တောင်ညိုပြောက်ကျားတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့က သြဂုတ် ၁၁ ရက် မွန်းလွဲ ၂ နာရီကျော်က ပိန္ဒဲတောနဲ့ ရွာသာအေးရွာကြားမှာ ခြုံခိုတိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က ၄ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရတယ်လို့ မွန်ပြည်နယ် တောင်ညိုပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အခုလို စစ်ကောင်စီဘက်က အင်အားသုံးပြီး ရေးတောင်ပိုင်းနဲ့ မြောက်ပိုင်းမှာရှိတဲ့ PDF လှုပ်ရှားနယ်မြေဘက်ကို စစ်ကြောင်းနှစ်ကြောင်းနဲ့ စစ်ဆင်ရေး လုပ်လာပေမဲ့ လတ်တလော ရေး PDF တွေနဲ့ တိုက်ပွဲဖြစ်တာ မရှိသေးဘူးလို့ သိရပါတယ်။
ရေး-မော်လမြိုင်ကားလမ်းမှာ စစ်ကောင်စီတပ်တွေ မကြာခဏ ကြားဖြတ် ချုံခိုတိုက်ခိုက်ခံရသလို ရေးမြို့နယ်က စစ်တပ်၊ ရဲနဲ့ ဌာနဆိုင်ရာရုံးတွေကအစ PDF တွေ မကြာခဏဆိုသလို တိုက်ခိုက်တာတွေ ရှိနေပါတယ်။