close

ရေးမြို့နယ်အတွင်း PDF ရှိနိုင်သည့်နေရာများကို စစ်ကောင်စီက စစ်ဆင်ရေးစတင်

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ  စစ်ကောင်စီတပ်တွေ  စစ်အင်အား ဖြည့်တင်းပြီး ပြည်သူ့ကာကွယ်ရေးတပ် PDFတွေ လှုပ်ရှားရာ နေရာတွေကို စစ်ဆင်ရေး စတင်နေပြီလို့  ရေး PDF မြောက်ပိုင်းအဖွဲ့က ပြောပါတယ်။

သြဂုတ် ၁၁ ရက်မှာ သံဖြူဇရပ်ဘက်ကနေ စစ်ကောင်စီတပ်တွေ ရေးမြို့နယ် မြောက်ပိုင်းဒေသဖြစ်တဲ့ ကနင်ကမော့၊ လိမ္မော်ခြံ၊ အောင်သပြေ၊ ပိန္နဲတောကျေးရွာတွေဘက်နဲ့ ထားဝယ်ဘက်ကနေ တက်လာပြီး ရေးတောင်ပိုင်းဒေသမှာ စစ်ကြောင်းထိုးလာခဲ့တယ်လို့ ရေး PDF မြောက်ပိုင်းအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ဒီနေ့ ထားဝယ်ကနေတက်လာတဲ့ စစ်ယာဉ်တန်း ၆ စီးကို ကျနော်တို့ထွက်တိုက်တာ‌ မမီဘူး။ ဒါကို ပိန္နဲတောအဖွဲ့ကို သတင်းထပ်ပေးလိုက်တယ်။ သူတို့ တိုက်ဖြစ်တယ်။”

စစ်အင်အားဖြည့်တင်းလာတဲ့ စစ်ကား ၆ စီးကို မွန်ပြည်နယ် တောင်ညိုပြောက်ကျားတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့က သြဂုတ် ၁၁ ရက် မွန်းလွဲ ၂ နာရီကျော်က ပိန္ဒဲတောနဲ့ ရွာသာအေးရွာကြားမှာ ခြုံခိုတိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က ၄ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရတယ်လို့ မွန်ပြည်နယ် တောင်ညိုပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အခုလို စစ်ကောင်စီဘက်က အင်အားသုံးပြီး ရေးတောင်ပိုင်းနဲ့ မြောက်ပိုင်းမှာရှိတဲ့ PDF လှုပ်ရှားနယ်မြေဘက်ကို စစ်ကြောင်းနှစ်ကြောင်းနဲ့ စစ်ဆင်ရေး လုပ်လာပေမဲ့ လတ်တလော ရေး PDF တွေနဲ့ တိုက်ပွဲဖြစ်တာ မရှိသေးဘူးလို့ သိရပါတယ်။

ရေး-မော်လမြိုင်ကားလမ်းမှာ စစ်ကောင်စီတပ်တွေ မကြာခဏ ကြားဖြတ် ချုံခိုတိုက်ခိုက်ခံရသလို ရေးမြို့နယ်က စစ်တပ်၊ ရဲနဲ့ ဌာနဆိုင်ရာရုံးတွေကအစ PDF တွေ မကြာခဏဆိုသလို တိုက်ခိုက်တာတွေ ရှိနေပါတယ်။

//
Up