မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ စစ်ဆင်ရေးတွေပြုလုပ်နေတဲ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ စစ်တပ်အရာရှိ ၃ ဦးကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဖမ်းဆီးပြီး တပ်မတော်အက်ဥပဒေ ပုဒ်မ ၃၆(ဂ)၊ ၄၀(၁) နဲ့ စစ်ခုံရုံးမှာ စစ်ဆေးနေတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
အထက်အရာရှိအမိန့်ကို မနာခံတဲ့အတွက် အမှတ် ၉၀၄ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ ဒုဗိုလ်မှူးကြီး ပြည်ဖြိုးမောင်၊ အမှတ် ၅ စစ်မြေပြင်ဆေးတပ်ရင်းမှ ဗိုလ်မှူးသန်းနိုင်အေးနဲ့ အမှတ် ၁၀၂ ခြေမြန်တပ်ရင်းမှ ဗိုလ်မှူးနိုင်နိုင်ဇော်တို့ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဖမ်းထားတာတော့ ကြာပြီ၊ ပုဒ်မ ၃၆(ဂ) က စစ်ပုန်ကန်မှု၊ ပြစ်မှုထင်ရှားရင် သေဒဏ်၊ ပုဒ်မ ၄၀(၁) က အထက်အရာရှိအမိန့် ဖီဆန်မှု ထောင် ၁၄ နှစ်ရှိတယ်။”
ဖမ်းဆီးထားတဲ့ အရာရှိ ၃ ဦးကို ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုလက်အောက်ခံ အမှတ် ၄၀၉ ခြေမြန်တပ်ရင်းမှာ စစ်ဆေးနေတာလို့ စစ်ဘက်နဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“အရာရှိတွေက မော်လမြိုင်ကဆိုတော့ အဲ့မှာမထားဘူး၊ သရက်ချောင်းမြို့အခြေစိုက် ခမရ ၄၀၃ တပ်ထဲမှာ စစ်နေတာ။ ၄၀၉ တပ်က လူတွေရောပါတယ်။ ပြောရရင် အချင်းချင်း ညီညွတ်မှုမရှိတော့တာ။”
အဆိုပါ ဖမ်းဆီးခံရသူတွေမှာ ကရင်ပြည်နယ်၊ ကေအန်ယူ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ အတွင်းမှာရှိတဲ့ မဲသလောက်စစ်အခြေစိုက်စခန်းကို ပြန်လည်သိမ်းယူဖို့ တာဝန်ပေးရာမှာ ပျက်ကွက်ခဲ့တဲ့အတွက် အရာရှိသုံးဦး ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
အမှတ် ၉ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီးလစာ စတင်ခံစားနေတဲ့ ဗိုလ်မှူးပြည့်ဖြိုးမောင်မှာ အရင်က မိမိတပ်ရင်းမှ ထွက်ပြေးခဲ့တဲ့ တပ်သားတွေကိစ္စပါ ဖြေရှင်းရမယ်လို့ သိရပါတယ်။
စစ်ပုန်ကန်မှုဥပဒေပုဒ်မ ၃၆(ဂ) မှာ စစ်ပုန်ကန်မှုတခုခု ဖြစ်ပွားရာမှာ ရှိနေလျက်နှင့် အဆိုပါစစ်ပုန်ကန်မှုကို နှိမ်နင်းဖို့ မိမိရဲ့ တတ်စွမ်းသမျှ ကြိုးစားအားထုတ်မှုကို မပြုဘဲနေလျှင် သေဒဏ်ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ တပ်မတော်အက်ဥပဒေပုဒ်မ ၄၀(၁) မှာ မိမိအထက်အရာရှိက တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန် နှုတ်နဲ့ဖြစ်စေ၊ စာနဲ့ဖြစ်စေ ကြေးနန်း (သို့) အခြားနည်းနဲ့ဖြစ်စေ ပေးအပ်တဲ့အမိန့်ကို အာဏာဖီဆန်ရာရောက်တဲ့ အမူအရာဖြင့် အာဏာဖီဆန်လျှင် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံရမှာ ဖြစ်ပါတယ်။
ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်က ဇီးရိုးမိုင် စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာ ၈ ရက်၊ ညနေ ၆ နာရီ ၄၀ လောက်က ကရင်ပြည်နယ်ကလာတဲ့ တက္ကစီတစီးပေါ်ပါ အမျိုးသား ၅ ယောက်ကို ဖုန်းနဲ့ မှတ်ပုံတင်တွေတောင်းကြည့်ပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားပါတယ်။
အဆိုပါဂိတ်နဲ့ နီးစပ်သူတဦးက “ဒီမှာ ပုံမှန်အတိုင်းစစ်တယ်၊ Express တွေဆို အရင်က မှတ်ပုံတင်ကြည့်ပြီး လွှတ်ပေးတာ။ နိုဝင်ဘာ ၂၆ ကတည်းက ကားပေါ်ကလူတွေ အကုန်ဆင်းခိုင်းပြီး ဖုန်းတွေပါ စစ်တာ။ အဲဒီတက္ကစီက ကောင်လေးတွေရဲ့ ဖုန်းနှစ်လုံးမှာ သေနတ်ပုံနဲ့ NUG ပုံတွေ တွေ့လို့ ခေါ်ထားတဲ့သဘောပါ။ ယာဉ်မောင်းအပါ ၆ ယောက်၊ ယာဉ်မောင်းကို မနက်ကတည်းက ပြန်လွှတ်လိုက်ပြီ၊ အသေးစိတ်တော့ မသိသေးဘူး”လို့ ပြောပါတယ်။
အဆိုပါ တက္ကစီပေါ်ပါလာသူတွေက ကရင်ပြည်နယ်မှ ရန်ကုန် မင်္ဂလာဒုံအရောက် ကျပ်ငွေ ၂ သိန်းနဲ့ တက္ကစီငှားတာဖြစ်ပြီး အမြန်လမ်း ဇီးရိုးမိုင်ဂိတ်မှာ ဖမ်းဆီးခံရတာပါ။
အမြန်လမ်းက တက္ကစီယာဉ်မောင်းတဦးက“စစ်တာတော့ အရင်ကထက် ဆိုးတယ်။ အစ်ကိုတို့ဆိုရင် မော်လမြိုင်၊ ဘားအံဘက်သွားရင် အရင်က မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင်ရှိရုံနဲ့ ရတယ်။ အခုဟာ နေ့ချင်းပြန်မောင်းရင်တောင် ရပ်ကွက်က တလအတွင်းလုပ်ထားတဲ့ ထောက်ခံစာပြမှ ရတယ်။ မပါရင် တအားရစ်တယ်။ အဲ့ဂိတ်က မကြာခဏ ဖမ်းနေတာ။ PDF ဟုတ်တာ၊ မဟုတ်တာတော့ မပြောတတ်ဘူး။ ခရီးသည်ကားတင် မဟုတ်ဘူး၊ ဘုန်းကြီးကားလာရင်လည်း ဆင်းခိုင်းတယ်။ စစ်တယ်၊ ဒီလဆန်းပိုင်းလောက်ကတည်းက ရဲ၊ စစ်သား၊ လဝကတွေပါ တွေ့ရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီဝါဒဖြန့် မီဒီယာတချို့မှာတော့ ဖမ်းဆီးခံ အမျိုးသား ၅ ဦးက PDF သင်တန်း (၁/၂၂) ကို ကရင်ပြည်နယ် ဖလံတောင်မြို့နယ်မှာ တက်ထားသူတွေလို့ သတင်းထုတ်ပြန်ထားပေမဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ထိုင်းပင်လယ်ပြင်အနီး စက်လှေပျက်မျောပါ ဒုက္ခရောက်နေတဲ့ ရိုဟင်ဂျာ ၁၅၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ပြီး မြိတ်မြို့အနီး ပင်လယ်ပြင်ထဲမှာ အဖွဲ့စုံနဲ့ စစ်ဆေးမယ်လို့ စစ်ကောင်စီက ဒီဇင်ဘာ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၇ ရက်မနက် ၆ နာရီလောက်က မြိတ်မြို့ရဲ့အနောက်တောင်ဘက် ၁၅၅ မိုင်အကွာမှာ ရိုဟင်ဂျာတွေပါတဲ့လှေတစင်း ရေဝင်ပြီးနစ်မြုပ်လုနီးပါးဖြစ်နေတာကို စစ်ကောင်စီရဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းရဲ့ ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းမှာ အကျိုးတူပူးပေါင်းနေတဲ့ PTTEP International Limited က အထောက်အကူပြုရေယာဉ်တွေဖြစ်တဲ့ HAI DUONG 29 နဲ့ HAI DUONG 38 တို့က တွေ့ရှိကယ်ဆယ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးတော့ တပ်မတော်(ရေ)က လုံခြုံရေးစစ်ရေယာဉ်တွေဆီ သတင်းပေးပို့ခဲ့လို့ အနော်ရထာစစ်ရေယာဉ်ကို စေလွှတ်ခဲ့ပြီး ည ၁၀ နာရီလောက်မှာ အဲဒီနေရာကို ရောက်သွားတယ်လို့ ဆိုပါတယ်။
HAI DUONG 38 ရေယာဉ်ဆီကနေ ရိုဟင်ဂျာ လူကြီးအမျိုးသား ၈၃ ယောက်၊ အမျိုးသမီး အယောက် ၄၀၊ ကလေး ယောကျ်ားလေး ၂၃ ယောက်၊ မိန်းခလေး ၈ ယောက်၊ စုစုပေါင်း ၁၅၄ ယောက်တို့ကို စစ်ရေယာဉ်ပေါ် လွှဲပြောင်းတင်ဆောင်ပြီး လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်တာတွေပေးသလို အစားအသောက်တွေလည်း ကျွေးမွေးခေါ်ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ လှေစီးဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား ခရိုင်၊ ဒေါ့ကာစီဒုက္ခသည်စခန်းကလာတာဖြစ်ပြီး ဒုက္ခသည်စခန်းအတွင်း လူဦးရေများတာ၊ လုံခြုံမှုမရှိတာနဲ့ စားနပ်ရိက္ခာမလုံလောက်တာတွေကြောင့် အင်ဒိုနီးရှား နိုင်ငံသို့သွားရောက်ဖို့ လိုက်ပါလိုသူ မိသားစုတွေထံကနေ တာကာငွေ ၁၀ သိန်း ကောက်ခံပြီး စက်လှေ ၁ စီး ဝယ်ယူခဲ့တာလို့ဆိုပါတယ်။
နိုဝင်ဘာ ၂၇ ရက်မှာ အဆိုပါ စက်လှေနဲ့ အင်ဒိုနီးရှားနိုင်ငံသို့ စတင်ထွက်ခွာလာတာဖြစ်ပြီး သူတို့အတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ထုတ်ပေးထားတဲ့ ဒုက္ခသည်ကတ် ကိုင်ဆောင်ထားရှိကြောင်း၊ ဒီဇင်ဘာ ၇ ရက်မှာ လှေထဲကို ရေဝင်နစ်မြုပ်နေစဉ် HAI DUONG 38 ရေယာဉ်နဲ့ တွေ့ဆုံခဲ့ကာ လှေပေါ်ပါသူ အားလုံး အသက်ရှင်နေတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံအနီးက ပင်လယ်ပြင်မှာ ရက်ပေါင်းအတော်ကြာ မျောပါနေတဲ့ ရိုဟင်ဂျာ ၁၅၄ ယောက်ပါတဲ့ လှေကို ဗီယက်နမ်နိုင်ငံက ရေနံတင်သင်္ဘောကုမ္ပဏီတခုက ကယ်တင်ပြီး မြန်မာ ရေတပ်ဘက်ကို လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။
ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က “စစ်ကောင်စီဘက်ကို လွှဲပြောင်းပေးလိုက်ပြီးနောက်ပိုင်း လုံးဝ အဆက်အသွယ် ပြတ်သွားတယ်။ အခုလို ပင်လယ်ထဲမျောလာတယ်ဆိုတာ ဘယ်ကပဲလာလာ အာဏာပိုင်တွေက လာဘ်စားပြီး လွှတ်ပေးလို့၊ လူကုန်ကူးတာကို လက်ခံလို့ ဒီဘက်ကို ရောက်လာကြတာ။ အခုလို ဖမ်းတယ်၊ ပြီးရင် သတ်တယ်ဆိုတာက သူတို့အတွက် အပျင်းပြေ လုပ်နေသလိုပါပဲ။ နိုင်ငံတကာကိုလည်း ဂရုမစိုက်တော့ဘူး။ အခုလူတွေအတွက်လည်း စိုးရိမ်ရတယ်။ ထောင်ချတာတွေ ဘာတွေ လုပ်နိုင်တယ်” လို့ ရိုနေဆန်းလွင်က ပြောပါတယ်။
လက်ရှိမှာတော့ ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေကို မြိတ်မြို့ အနောက်မြောက်ဘက် ၈မိုင်ခွဲလောက်မှာ ကျောက်ချရပ်နားထားတဲ့ သင်္ဘောပေါ်မှာ မြိတ်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ပါဝင်တဲ့အဖွဲ့စုံနဲ့ ဆက်လက်စစ်ဆေးသွားမှာဖြစ်ပြီး ဒီနောက် စစ်တွေမြို့ကို ဆက်လက်ပို့ဆောင်ကာ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
Photo- DSINFO