close

စစ်တပ်ထောက်ခံပွဲ

close

January 19, 2023

ရန်ကုန်တွင် စစ်ကောင်စီ ၂ နှစ်ပြည့် ထောက်ခံပွဲကို နေ့စားဆန္ဒပြခ တိုးမြှင့်ပေးပြီးကျင်းပရန် စီစဉ်နေ

ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့မှာ လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့ကျင်းပမယ့် စစ်ကောင်စီ အာဏာသိမ်း ၂ နှစ်ပြည့် ကြိုဆိုထောက်ခံပွဲမှာပါဝင်ဆန္ဒပြကြဖို့ တပ်ထောက်ခံသူတွေကို နေ့စားခ တိုးမြှင့်ကြိုတင်ထုတ်ပေးထားတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

အရပ်သားအစိုးရထံကနေ စစ်တပ်က နိုင်ငံတော်အာဏာကို တရားမဝင်သိမ်းယူခဲ့တာ လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ၂ နှစ်ပြည့်ပြီဖြစ်လို့ စစ်တပ်က လူထုကို ထောက်ခံကြိုဆိုတဲ့ပွဲ ပြုလုပ်ချင်တာလို့  စစ်မှုထမ်းဟောင်းတဦးက ပြောပါတယ်။

“တိုင်းမှူးတွေကို စစ်ကောင်စီက အမိန့်ပေးထားတယ်။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ထောက်ခံပွဲတွေလုပ်ဖို့ ငွေလည်းချပေးထားတယ်။ တပ်ထောက်ခံသူတဦးဆို လူခေါ်ဖို့ သိန်း နှစ်ရာတောင် ပေးတယ်၊ မဖြစ်မနေ လူအင်အားများများနဲ့လုပ်မှာ”လို့ ပြောပါတယ်။

ရန်ကုန်မှာလုပ်မယ့် တပ်ထောက်ခံပွဲကို လူအင်အားသောင်းချီပါလာဖို့ စစ်ကောင်စီဘက်က ပွဲစီစဥ်သူတွေကို ငွေချပေးထားပြီး နေ့စားခနှုန်းထားတွေကိုလည်း အမြင့်ဆုံးပေးထားတယ်လို့ ပွဲစီစဥ်နေသူတွေနဲ့နီးစပ်သူတဦးက ပြောပါတယ်။

“ငွေချပေးတာက ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ လုံခြုံရေးအတွက်က နယ်လုံက စီစဥ်မှာ၊ အရင်က ထက်လည်း နေ့စားခတွေ ပိုပေးထားတယ်၊ အရင်ကလို ငါးထောင်၊ တသောင်းမဟုတ်တော့ဘူး၊ နှစ်သောင်းအထိ အမြင့်ဆုံးပေးထားတယ်။”

ရန်ကုန်မြို့ခံတဦးက “ကြံ့ဖွံ့ပါမယ်၊ မဘသ တပ်လော်ဘီ တပ်မိသားစုနဲ့ပြမှာပေါ့။ ကျန်တာတွေကတော့ နေ့စားခနဲ့လိုက်ပြီး ဆန္ဒပြတဲ့သူတွေကို သုံးမှာ”လို့ ဒီဗွီဘီကို ပြောပါတယ်။

ဇန်နဝါရီ အခုနှစ်စကတည်းက မဘသတွေနဲ့ တပ်ထောက်ခံသူတွေဟာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးအချို့မှာ စစ်ကောင်စီကို ထောက်ခံကြိုဆိုပွဲတွေ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို ကန့်ကွက်ပွဲတွေ လုပ်လာတာတွေ့ရပါတယ်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပါအဝင် အန်အယ်လ်ဒီအစိုးရအဖွဲ့ဝင်တွေကို စစ်တပ်ကဖမ်းဆီးကာ အာဏာသိမ်းယူခဲ့ပြီး နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ်ကြေညာကာ စစ်ကောင်စီကို ဖွဲ့စည်းခဲ့တာပါ။

11 mins Ago

February 2, 2022

တာချီလိတ် တပ်ထောက်ခံပွဲ ဗုံးကွဲပြီးနောက် လူ ၈ ဦးခန့် ဖမ်းဆီးခံရ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဖေဖော်ဝါရီ ၂ ရက်က တပ်ထောက်ခံပွဲအတွက် လူစုလူဝေးချီတက်လာစဉ် လမ်းပေါ်မှာ ဗုံးပေါက်ကွဲပြီး လူ ၂ ယောက် သေဆုံးကာ ၅၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အခင်းဖြစ်ပြီးနောက် စစ်တပ်က သေနတ်တွေနဲ့ ရမ်းပစ်ခတ်သလို ညဘက်မှာလည်း သေနတ်သံအချက်ပေါင်းများစွာကြားရကြောင်းနဲ့   မသင်္ကာသူ လူ ၈ ဦး လောက်ကိုလည်း ဖမ်းသွားကြောင်း တာချီလိတ်မြို့ခံ တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဗုံးပေါက်ပြီးတာနဲ့ စစ်တပ်က ပစ်တာလား၊ ရဲက ပစ်တာလားတော့ မသိဘူး။ သေနတ်သံ တွေဆူညံနေတာပဲ၊ မနေ့က ဒဏ်ရာရတဲ့ထဲမှာ ဗုံးစမှန်တဲ့လူတွေရော၊ သေနတ်မှန်သူတွေလည်း ပါတယ်၊ တချို့က ထောက်ခံပွဲနဲ့ဘာမှမဆိုင်ဘူး။ သူတို့ဘာသာသူတို့ လမ်းဘေးကဈေးဆိုင်မှာ အလုပ်လုပ်နေတာ၊ အချောင်အထိခံရတယ်။ ပြီးတော့ မကာဟိုခမ်းရပ်ထဲက အိမ်တွေ လိုက်စစ်တယ်၊ အရင်နွေဦးတော်လှန်ရေးဆန္ဒပြပွဲမှာပါဖူးခဲ့သူတွေ ခေါ်စစ်တယ်၊ မနေ့က အဖမ်းခံရတာ ၈ ယောက်လောက်ရှိတယ်။ ပြန်လွှတ်၊ မလွှတ်တော့ မသိရဘူး၊ ည ၈ နာရီခွဲကျော်လောက်မှာ ဆန်ဆိုင်းရပ်ကွက်ကနေပြီးတော့ သေနတ်ဖောက်သံ အချက် ၂၀ ကျော် ကြားတယ်။ ”

သေဆုံးသူ ၂ ယောက်ထဲမှာ အသက် ၃၀ ကျော် လားဟူတိုင်းရင်းသား  ၁ ယောက် ၊ အသက် ၅၀ ကျော် ဗမာ တယောက်ပါပြီး ထိခိုက်ဒဏ်ရာရသူ  ၅၀ လောက်ထဲက  ၄ ယောက် ဒဏ်ရာပြင်းထန်တဲ့အတွက် ကျိုင်းတုံစစ်ဆေးရုံကို ဆက်ပို့လိုက်တယ်လို့ တာချီလိတ်ဒေသခံက ပြောပါတယ်။

တပ်ထောက်ခံပွဲနဲ့လိုက်လာသူတွေထဲမှာ တပ်မိသားစုဝင်တွေ၊ စစ်မှုထမ်းဟောင်းမိသားစုဝင်တွေ၊ လားဟူပြည်သူ့စစ်တွေအပြင် အခါ ၊ လားဟူ  တောင်ပေါ်ကျေးရွာက တိုင်းရင်းသားတွေပါ ပါဝ င်ကြောင်း၊ သူတို့ကတော့ တအိမ်တယောက် မလိုက်မနေရ အမိန့်နဲ့ လိုက်လာရပြီး လာတဲ့သူတွေကို ထိုင်းဘတ်ငွေ ၁၀၀ စီပေးတယ်လို့  နောက်ထပ်ဒေသခံတွေက ပြောပါတယ်။ 

ဒီကနေ့မှာတော့ တာချီလိတ်မြို့တွင်းအခြေအနေပုံမှန်ပြန်ဖြစ်နေပြီလို့ ဆိုပါတယ်။ 

12 months Ago
Up