close

ရန်ကုန်တွင် စစ်ကောင်စီ ၂ နှစ်ပြည့် ထောက်ခံပွဲကို နေ့စားဆန္ဒပြခ တိုးမြှင့်ပေးပြီးကျင်းပရန် စီစဉ်နေ

Photo/Crd - ၂၀၂၁ ခုနှစ် စစ်ကောင်စီကြိုဆိုပွဲ ရန်ကုန်မှာ ပြုလုပ်စဥ်

ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့မှာ လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့ကျင်းပမယ့် စစ်ကောင်စီ အာဏာသိမ်း ၂ နှစ်ပြည့် ကြိုဆိုထောက်ခံပွဲမှာပါဝင်ဆန္ဒပြကြဖို့ တပ်ထောက်ခံသူတွေကို နေ့စားခ တိုးမြှင့်ကြိုတင်ထုတ်ပေးထားတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

အရပ်သားအစိုးရထံကနေ စစ်တပ်က နိုင်ငံတော်အာဏာကို တရားမဝင်သိမ်းယူခဲ့တာ လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ၂ နှစ်ပြည့်ပြီဖြစ်လို့ စစ်တပ်က လူထုကို ထောက်ခံကြိုဆိုတဲ့ပွဲ ပြုလုပ်ချင်တာလို့  စစ်မှုထမ်းဟောင်းတဦးက ပြောပါတယ်။

“တိုင်းမှူးတွေကို စစ်ကောင်စီက အမိန့်ပေးထားတယ်။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ထောက်ခံပွဲတွေလုပ်ဖို့ ငွေလည်းချပေးထားတယ်။ တပ်ထောက်ခံသူတဦးဆို လူခေါ်ဖို့ သိန်း နှစ်ရာတောင် ပေးတယ်၊ မဖြစ်မနေ လူအင်အားများများနဲ့လုပ်မှာ”လို့ ပြောပါတယ်။

ရန်ကုန်မှာလုပ်မယ့် တပ်ထောက်ခံပွဲကို လူအင်အားသောင်းချီပါလာဖို့ စစ်ကောင်စီဘက်က ပွဲစီစဥ်သူတွေကို ငွေချပေးထားပြီး နေ့စားခနှုန်းထားတွေကိုလည်း အမြင့်ဆုံးပေးထားတယ်လို့ ပွဲစီစဥ်နေသူတွေနဲ့နီးစပ်သူတဦးက ပြောပါတယ်။

“ငွေချပေးတာက ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ လုံခြုံရေးအတွက်က နယ်လုံက စီစဥ်မှာ၊ အရင်က ထက်လည်း နေ့စားခတွေ ပိုပေးထားတယ်၊ အရင်ကလို ငါးထောင်၊ တသောင်းမဟုတ်တော့ဘူး၊ နှစ်သောင်းအထိ အမြင့်ဆုံးပေးထားတယ်။”

ရန်ကုန်မြို့ခံတဦးက “ကြံ့ဖွံ့ပါမယ်၊ မဘသ တပ်လော်ဘီ တပ်မိသားစုနဲ့ပြမှာပေါ့။ ကျန်တာတွေကတော့ နေ့စားခနဲ့လိုက်ပြီး ဆန္ဒပြတဲ့သူတွေကို သုံးမှာ”လို့ ဒီဗွီဘီကို ပြောပါတယ်။

ဇန်နဝါရီ အခုနှစ်စကတည်းက မဘသတွေနဲ့ တပ်ထောက်ခံသူတွေဟာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးအချို့မှာ စစ်ကောင်စီကို ထောက်ခံကြိုဆိုပွဲတွေ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို ကန့်ကွက်ပွဲတွေ လုပ်လာတာတွေ့ရပါတယ်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပါအဝင် အန်အယ်လ်ဒီအစိုးရအဖွဲ့ဝင်တွေကို စစ်တပ်ကဖမ်းဆီးကာ အာဏာသိမ်းယူခဲ့ပြီး နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ်ကြေညာကာ စစ်ကောင်စီကို ဖွဲ့စည်းခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up