မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အမျိုးသားတဦး စက်တင်ဘာ ၁၃ ရက် နေ့လယ် ၂ နာရီလောက်က သေနတ်နဲ့ ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသတ်ခံရသူဟာ စစ်တပ်ရဲ့သတင်းပေးလို့လူသိများတဲ့ ကိုဖိုးစီဖြစ်ပြီး ရေးမြို့ တူးမြောင်းကျေးရွာအနီး လေယာဉ်ကွင်းဟောင်းမှာ သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ရေးဘီလူးအဖွဲ့က ပြောပါတယ်။ ကိုဖိုးစီရဲ့ ဖခင်ဖြစ်တဲ့ အစင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မြင့်ဟာလည်း PDF တွေရဲ့ သတ်ဖြတ်ခံရသူဖြစ်ပါတယ်။
ကိုဖိုးစီရဲ့ လုပ်ဖော်ကိုင်ဘက်တယောက်က “အခု ဖိုးစီကို စောင့်ကြည့်နေတာ၊ စစ်တပ်ရဲ့ သတင်းပေးတာတွေလုပ်ပြီး သူ့အဖေ ဦးမောင်မြင့်ကလည်း အစင်ရွာမှာ သူ့ကြောင့် ဖမ်းဆီးခံရတာတွေ၊ မတရား အနိုင်ကျင့်ခံရလို့ သူ့အဖေကိုလည်း PDF တွေက မနှစ်က ပစ်ခတ်ခံရပြီး သေဆုံးထားခဲ့ပါတယ်။ သူက ဓာတ်ပုံ၊ ဗွီဒီယို ရိုက်ကူးရေးသမားတဦး ဖြစ်တယ်။ အခု သူ့လုပ်ငန်းကနေ သွားရောက်လုပ်ကိုင်စဥ်မှာ အခုလိုအသတ်ခံရတယ်။ သူက အနေအေးတယ်။ ဒါပေမဲ့ သူ့အဖေလည်း အသတ်ခံရပြီးတဲ့နောက် သူလည်း စစ်တပ်ကို သတင်းပေးတာ လုပ်လား၊ မလုပ်လားဆိုတာတော့ မပြောရဲဘူး” လို့ ပြောပါတယ်။
အန်အယ်လ်ဒီပါတီဝင်တွေကို တိုက်ခိုက်တာ၊ မတရားဖမ်းဆီးခိုင်းတာတွေ ရှိခဲ့လို့ အခုလို လုပ်ကြံခံရတာ ဖြစ်နိုင်ပြီး သူ့အစ်ကိုကလည်း စစ်တပ်က ဗိုလ်တဦးဖြစ်တယ်လို့ သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့၊ မွေးမြူရေးဇုန်အကျော် အဘော်ကျေးရွာအဝင်လမ်းဝရှိ ရေး-အစင်ရွာသွား ကားလမ်းပေါ်မှာ ဖေဖော်ဝါရီ ၂ ရက် မနက်ပိုင်းက စစ်ကောင်စီခန့် အစင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မြင့် သေနတ်ပစ်ခတ်ခံရပြီး ဦးခေါင်းထိမှန် သေဆုံးခဲ့ပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ထားဝယ်မြစ်တဖက်ကမ်းက ကျေးရွာတွေ ဖြစ်တဲ့ ရလိုင်ရွာ၊ ပုဂေါဇွန်းရွာ၊ ဧကနိရွာနဲ့ နဘုလယ်ဒေသက မူးဒူးရွာတွေမှာ သြဂုတ် ၂၅ ရက် ကနေ ၃၁ ရက်အထိ တပတ်အတွင်းမှာ သေနတ်နဲ့ ပစ်သတ်ခံရသူ ၅ ယောက်အထိ ရှိနေပါတယ်။
သြဂုတ် ၂၅ ရက်နေ့မှာ ဧကနိရွာက ဦးနောင်ဘွာနဲ့ ရလိုင်ရွာက စိတ်ကျန်းမာရေးချိုတဲ့နေတဲ့ ဦးနိုင်တို့ဟာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သြဂုတ် ၂၈ ရက်နဲ့ ၂၉ ရက်မှာလည်း ပုဂေါဇွန်းရွာက ဦးရဲမင်းဦးနဲ့ ဦးစောမင်းထွေးတို့ နှစ်ယောက်နဲ့ နဘုလယ်ဒေသ မူးဒူးရွာက အသက် ၆၀ အရွယ် ဒေါ်ပိုကြည် ဆိုတဲ့ အမျိုးသမီးတယောက် သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။
ရလိုင်ရွာက ဦးနိုင် ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ထားဝယ် ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (DGRF) နဲ့ လောင်းလုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) တို့က ရလိုင်ရွာက စစ်တပ်ကို သတင်းပေးနေတဲ့ ဦးဝင်းတင်ကို သွားရောက်ပစ်ခတ်စဉ် ဦးနိုင်က ရောက်ရှိလာပြီး ဓားနဲ့နှောင့်ယှက်တာကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ပစ်သတ်လိုက်ရတဲ့အတွက် ဦးနိုင်ရဲ့ မိသားစုကို အနူးအညွတ် တောင်းပန်ကြောင်း ထုတ်ပြန်ထားပါတယ်။
ကျန်တဲ့ ပစ်သတ်ခံရသူ လေးယောက်နဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ် ဆိုတာကို ထုတ်ပြန်ထားတာမျိုး မတွေ့ရပါဘူး။
ပစ်သတ်ခံရသူတွေဟာ အရပ်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်ပြီး ပုတ်ခတ်ပြောဆိုတာနဲ့ လောင်းကစားဝိုင်းတွေ ဦးဆောင်ပြုလုပ်သူတွေ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ရေဖြူမြို့နယ်မှာ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ မသိရဘဲ အခုလို သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်တွေ ရှိလာနေပါတယ်။