close

စစ်တပ် ရိက္ခာတင်ယာဉ်

close

November 10, 2022

ပုဏ္ဏားကျွန်း၌ စစ်တပ်ရိက္ခာတင်ကားကို အေအေ မိုင်းဆွဲတိုက်ခိုက်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းက စစ်ကောင်စီရဲ့ ရိက္ခာတင်ကား ၃ စီးကို ရက္ခိုင့်တပ်တော် (အေအေ) က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာရွာနဲ့ ဆင်အင်းကြီးရွာကြားမှာ ဒီနေ့မနက် ၅ နာရီခွဲလောက်က စစ်တွေဘက်ကထွက်လာတဲ့ စစ်ကောင်စီရဲ့ ရိက္ခာတင်ကား ၃ စီးကို ရက္ခိုင့်တပ်တော် (အေအေ) က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ မိနစ်အနည်းငယ် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ အေအေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

အဲဒီမိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ကား ၃ စီးအနက် နောက်ဆုံးကားတစီးကို ရက္ခိုင့်တပ်တော်ဘက်က သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ဆိုပါတယ်။

ပဒေသာရွာခံတယောက်က “မိုင်းဆွဲတိုက်ခိုက်ခံရလို့ အထိနာသွားတဲ့ စစ်(...)တွေဘက်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာ မနက် ၈ နာရီကျော်အထိ အချက် ၂၀ လောက်ရှိနေပြီ။ ဆင်အင်းကြီးရွာမှာလည်း လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်။ ထိခိုက်တဲ့ အခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူး” လို့ ပြောပါတယ်။

ဒေသခံတယောက်က “ကျနော်တို့ရွာဘက်တွေမှာ ဒီနေ့မနက် ၆ နာရီလောက်ကစပြီး လက်နက်ကြီး ပစ်ခတ်သံတွေ အဆက်မပြတ် အကျယ်ကြီးကြားနေရပြီး ရွာသူရွာသားတွေကတော့ ဘေးလွတ်ရာနေရာတွေနဲ့ ဗုံးခိုကျင်းတွေထဲမှာ ပုန်းအောင်းနေကြရတယ်” လို့ ပြောပါတယ်။

ပုဏ္ဏားကျွန်းအခြေစိုက် ခမရ ၅၅၀ တပ်ရင်း၊ ပါဒလိတ်အခြေစိုက်တပ်ရင်း၊ ကွန်းတောင်ဘူတာနားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းနဲ့ စစ်တွေ ရွှေမင်းဂံ ဆိပ်ကမ်းဘက်က ဇက်နေဗီတွေကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေပြီး ရဟတ်ယာဥ်တွေလည်း ပျံဝဲနေတယ်လို့ ပြောပါတယ်။

ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်အစပ်က နနွင်းတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ကိုလည်း စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းမှာ ရက္ခိုင့်တပ်တော် (အေအေ) က ရွက်ညိုးတောင်နားမှာ တိုက်ခိုက်ခဲ့လို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာ ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးဘဲ စစ်ကောင်စီဘက်ကလည်း သတင်းမထုတ်ပြန်သေးသလို ရက္ခိုင့်တပ်တော်ဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

2 mins Ago

September 30, 2022

စစ်တပ်ရိက္ခာတင်ယာဉ် ၂ စီးကို အေအေ သိမ်းဆည်း

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်-ကျောက်ပန္ဒူတောင်ကျော်လမ်း သင်္ကန်းတောင်နားမှာ  စစ်တပ် ရိက္ခာသယ်လာတဲ့ အရပ်ဘက်ကား ၂ စီးကို စက်တင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းမှာ ရက္ခိုင့်တပ်တော်(အေအေ)က တိုက်ခိုက်ပြီး သိမ်းဆည်းလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“စေတီပြင်ကျေးရွာက နယ်ခြားစောင့်စခန်းအတွက် ရိက္ခာလာယူတဲ့ အရပ်ဘက်ကား ၂ စီးလို့ သိရပါတယ်။ ရိက္ခာတွေကို သိမ်းလိုက်တယ်။ တိုက်ပွဲက နာရီဝက်လောက် ဖြစ်ခဲ့တယ်။ ထိခိုက်ကျဆုံးမှု အတိအကျ မသိရဘူး။ ​ကျောက်ပန္ဒူတောင်ကျော်လမ်းကို လက်ရှိ အေအေဘက်က ပိတ်ထားတယ်။”

အလားတူ မောင်တောမြို့နယ်မြောက်ပိုင်းကို စစ်ကောင်စီတပ်အတွက် ရိက္ခာပို့လာတဲ့ အရပ်ဘက် ကား ၂ စီးကိုလည်း မောင်နှမကျေးရွာကြားမှာ အေအေက သိမ်းဆည်းလိုက်တယ်လို့ သိရပါတယ်။

မောင်တောဒေသခံတဦးက “တေဘာလီဖန်းကား ၂ စီး နဲ့ စစ်ကောင်စီတပ်အတွက် ရိက္ခာအပြည့် တင်လာတဲ့ ကား ၂ စီးကို မောင်နှမကျေးရွာကြားမှာ အေအေက တိုက်ခိုက်သိမ်းပိုက်လိုက်တာ။ စစ်သားတွေတော့ မပါဘူး။ ကညင်တန်း​ကျေးရွာက ဒရိုင်ဘာ ၂ ဦး နဲ့ တာဝန်ခံ ၂ ဦး အားလုံး ၄ ဦး ကို ရိက္ခာတွေ နဲ့ပါ ဖမ်းထားလိုက်တာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မောင်တောမြောက်ပိုင်းက တပ်တွေအတွက် ရိက္ခာဖြည့်တင်းတာတွေကို ကိုယ်တိုင် မပို့ဆောင်ဘဲ ဒေသခံတွေကို အသုံးချလာတာဖြစ်ပြီး ကျောက်ပန်းန္ဒူ တောင်ကျော်လမ်းကနေလည်း ရသေ့တောင်ဖက်ကို အရပ်ကားတွေနဲ့ ရိက္ခာသယ်နေကြတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း အေအေတပ်ဖွဲဝင်တွေ ရှိနိုင်တဲ့ ကျေးရွာဒေသတွေကို စစ်ကောင်စီက ရိက္ခာသယ်ယူခွင့် ပိတ်ထားသလို အေအေဘက်ကလည်း စစ်ကောင်စီတပ်တွေအတွက် ရိက္ခာ၊ လက်နက်တွေ သယ်ဆောင်လာတဲ့ ကုန်းလမ်း၊ ရေလမ်းတွေကို တားဆီးတိုက်ခိုက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်အမျိုးသားပါတီရဲ့ စက်တင်ဘာ ၂၉ ရက် အသိပေး ကြေညာချက်မှာတော့ ရခိုင်ပြည်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ နှစ်ဘက်တပ်တွေအနေနဲ့ ရပ်ကွက်ကျေးရွာတွေကို အကာအကွယ်ယူပြီး တိုက်ပွဲမဖော်ဖို့နဲ့ စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ နေရာတွေအပါဝင် ကုန်းလမ်း၊ ရေလမ်းတွေကို ရက်အကန့်အသတ်မရှိ ပိတ်ဆို့ထားတာဟာ ဒေသခံလူမျိုးပေါင်းစုံရဲ့ အသက်ရှင် နေထိုင်ဖို့ကို ခြိမ်းခြောက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

1 month Ago
Up