close

ပုဏ္ဏားကျွန်း၌ စစ်တပ်ရိက္ခာတင်ကားကို အေအေ မိုင်းဆွဲတိုက်ခိုက်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းက စစ်ကောင်စီရဲ့ ရိက္ခာတင်ကား ၃ စီးကို ရက္ခိုင့်တပ်တော် (အေအေ) က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာရွာနဲ့ ဆင်အင်းကြီးရွာကြားမှာ ဒီနေ့မနက် ၅ နာရီခွဲလောက်က စစ်တွေဘက်ကထွက်လာတဲ့ စစ်ကောင်စီရဲ့ ရိက္ခာတင်ကား ၃ စီးကို ရက္ခိုင့်တပ်တော် (အေအေ) က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ မိနစ်အနည်းငယ် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ အေအေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

အဲဒီမိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ကား ၃ စီးအနက် နောက်ဆုံးကားတစီးကို ရက္ခိုင့်တပ်တော်ဘက်က သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ဆိုပါတယ်။

ပဒေသာရွာခံတယောက်က “မိုင်းဆွဲတိုက်ခိုက်ခံရလို့ အထိနာသွားတဲ့ စစ်(...)တွေဘက်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာ မနက် ၈ နာရီကျော်အထိ အချက် ၂၀ လောက်ရှိနေပြီ။ ဆင်အင်းကြီးရွာမှာလည်း လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်။ ထိခိုက်တဲ့ အခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူး” လို့ ပြောပါတယ်။

ဒေသခံတယောက်က “ကျနော်တို့ရွာဘက်တွေမှာ ဒီနေ့မနက် ၆ နာရီလောက်ကစပြီး လက်နက်ကြီး ပစ်ခတ်သံတွေ အဆက်မပြတ် အကျယ်ကြီးကြားနေရပြီး ရွာသူရွာသားတွေကတော့ ဘေးလွတ်ရာနေရာတွေနဲ့ ဗုံးခိုကျင်းတွေထဲမှာ ပုန်းအောင်းနေကြရတယ်” လို့ ပြောပါတယ်။

ပုဏ္ဏားကျွန်းအခြေစိုက် ခမရ ၅၅၀ တပ်ရင်း၊ ပါဒလိတ်အခြေစိုက်တပ်ရင်း၊ ကွန်းတောင်ဘူတာနားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းနဲ့ စစ်တွေ ရွှေမင်းဂံ ဆိပ်ကမ်းဘက်က ဇက်နေဗီတွေကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေပြီး ရဟတ်ယာဥ်တွေလည်း ပျံဝဲနေတယ်လို့ ပြောပါတယ်။

ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်အစပ်က နနွင်းတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ကိုလည်း စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းမှာ ရက္ခိုင့်တပ်တော် (အေအေ) က ရွက်ညိုးတောင်နားမှာ တိုက်ခိုက်ခဲ့လို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာ ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးဘဲ စစ်ကောင်စီဘက်ကလည်း သတင်းမထုတ်ပြန်သေးသလို ရက္ခိုင့်တပ်တော်ဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up