အမေရိကန်ပြည်ထောင်စုဟာ စုစုပေါင်း ပမာဏ ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ ကာကွယ်ရေးအစီအစဥ်အသစ်ကို ပံ့ပိုးပေးမှာဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မေ ၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
အမြောက်တွေ၊ အကြမ်းဖက်ကာကွယ်ရေး ဒုံးကျည်တွေနဲ့ ဒရုန်းတွေအပြင် ကာကွယ်ရေးကို အားကောင်းစေမယ့် တခြားပစ္စည်းတွေဖြစ်ကြောင်း ဇလန်းစကီးက သူ့ရဲ့ ညစဉ်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်ဘက်ကလည်း ယူကရိန်းအတွက် ဒေါ်လာ ၁ ဒသမ ၂ ဘီလျံတန် စစ်ဘက်ဆိုင်ရာ အကူအညီပေးရေး အစီအစဉ်သစ်မှာ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ၊ ခဲယမ်းမီးကျောက်တွေနဲ့ လေ့ကျင့်ရေးရန်ပုံငွေတွေ ပါဝင်မှာဖြစ်ကြောင်း အင်္ဂါနေ့ အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။
ယူကရိန်းလုံခြုံရေး အထောက်အကူပြုမှု (USAI) က ရန်ပုံငွေတွေကို လက်နက်တွေ ဝယ်ယူရာမှာ အသုံးပြုမှာဖြစ်ပြီး သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အစိုးရအဖွဲ့ကိုလည်း အမေရိကန် လက်နက်သိုလှောင်မှုတွေကနေ ဆွဲထုတ်ယူသုံးမယ့်အစား လက်နက်စက်ရုံတွေကနေ ဝယ်ယူခွင့်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီရန်ပုံငွေတွေဟာ ၁၅၅ မမ ဟောင်ဝစ်ဇာကျည်တွေ၊ တန်ပြန်ဒရုန်းကျည်ဆန်တွေ၊ ဂြိုဟ်တုဓာတ်ပုံတွေနဲ့ လေ့ကျင့်မှုအမျိုးအစား အမျိုးမျိုးအတွက် ပေးသွားမှာဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။
၂၀၂၃ ဘဏ္ဍာနှစ်အထိ ကာကွယ်ရေးဝန်ကြီးဌာနဟာ သီးခြားကဏ္ဍ ၄ ခု ခေါင်းစဉ်နဲ့ USAI လက်အောက်မှာ ယူကရိန်းကို လုံခြုံရေးအကူအညီ ဒေါ်လာ ၅ ဘီလီယံ ထောက်ပံ့ပေးထားပါတယ်။
၂၀၂၂ ဘဏ္ဍာနှစ်မှာ အမေရိကန်ဟာ ယူကရိန်းကာကွယ်ရေးအတွက် ဝယ်ယူလုပ်ကိုင်မယ့် USAI ရန်ပုံငွေဒေါ်လာ ၆ ဒသမ ၃ ဘီလီယံတန်ဖိုး ထားရှိပေးခဲ့ပါတယ်။
ဥရောပသမဂ္ဂ (အီးယူ) က ယူကရိန်းအတွက် လက်နက်ခဲယမ်း ပေးပို့ထောက်ပံ့မှုဟာ ပဋိပက္ခ လမ်းကြောင်းထဲမှာ ရင်ဆိုင်ဖို့ သူ့ရဲ့ယုံကြည်မှု တိုးလာခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မတ်လ ၂၀ ရက်မှာ ပြောလိုက်ပါတယ်။
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အတော်များများဟာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ မတ်လ ၂၀ ရက်က စုရုံးခဲ့ကြပြီး ယူကရိန်းအတွက် ၁၅၅ မမ အမြောက်ကျည် တသန်းကို ပူးတွဲဝယ်ယူဖို့ သဘောတူခဲ့ကြပါတယ်။ ဒီကျည်ကို ရုရှားနဲ့ ယူကရိန်းတို့က တရက်ကို အကြိမ်ရေထောင်ချီ ပစ်ခတ်နေခဲ့ကြတာပါ။
အမေရိကန်ကတော့ အမေရိကန်ဒေါ်လာ သန်း ၃၅၀ တန် စစ်ရေးအကူအညီကို ကြေညာခဲ့ပါတယ်။
ဒီအကူအညီထဲမှာ မြစ်တွင်းစီးလှေတွေ၊ တင့်ဖျက်လက်နက်တွေ၊ HARM ဒုံးကျည်တွေ၊ ဘရက်ဒ်လေ ခြေလျင်တိုက်ခိုက်ရေးယာဉ်တွေ၊ ဟောင်ဝစ်ဇာအမြောက်တွေနဲ့ HIMARS ဒုံးကျည်ပစ် လောင်ချာတွေအတွက် ခဲယမ်းမီးကျောက်တွေ ပါပါတယ်။
“ဒါဟာ ရန်လိုသူ နိုင်ငံအပေါ် အောင်ပွဲဆင်ဖို့ မယိမ်းယိုင်တဲ့ လမ်းကြောင်းနဲ့ ကျနော်တို့ရဲ့ စည်းလုံးမှုအတွက် ယုံကြည်မှုတိုးလာစေတဲ့ ဗျူဟာမြောက် အကွက်ရွှေ့မှုပါပဲ” လို့ ဇလန်းစကီးက ပြောပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ သူ့ရဲ့မဟာမိတ် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ကရင်မလင်နန်းတော်မှာ မတ်လ ၂၀ ရက်က ညစာတည်ခင်း ဧည့်ခံနေတာပါ။
ယူကရိန်းနိုင်ငံထဲက စစ်ရာဇဝတ်မှုတွေအတွက် ပူတင်ကိုဖမ်းဖို့ အပြည်ဆိုင်ရာရာဇတ်မှု တရားရုံး (အိုင်စီစီ)က ဆော်ဩအပြီး ရက်ပိုင်းအတွင်း အားအကောင်းဆုံး မဟာမိတ်နဲ့ ဆက်ဆံရေးကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။
ဇလန်းစကီးကတော့ သူ့မိန့်ခွန်းအတွင်း တရုတ်သမ္မတရဲ့ ခရီးစဉ်ကို မရည်ညွှန်းခဲ့ပါဘူး။ ဒါပေမဲ့ ပူတင်အတွက် ဝရမ်းကို ရည်ညွှန်းရင်း လုံးဝ တရားမျှတပြီး တရားဝင်တဲ့ အပြစ်ပေးဖို့ လိုအပ်တယ်လို့ ဇလန်းစကီးက ပြောခဲ့ပါတယ်။