close

စစ်ရေးအခြေအနေ

close

January 25, 2023

စစ်ဖြစ်နေသဖြင့် ပြည်သူများ ခရီးမသွားရန် တနင်္သာရီ ပ.က.ဖ သတိပေး

တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် စစ်ရေးအခြေအနေအရ ပြည်သူတွေ ခရီးသွားလာခြင်းမပြုဖို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇန်နဝါရီ ၂၅ ရက်မှာ သတိပေးထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “အခုလက်ရှိမှာ တိုက်ပွဲတွေကတော့ စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီးတွေကြောင့် ပြည်သူတွေ ထိခိုက်သွားတာရှိတယ်။ စစ်ကောင်စီက လက်နက်ကြီးတွေ ရမ်းသန်းပစ်တာတွေကြောင့်၊ နောက်ပြီး တိုက်ပွဲပြင်းထန်လာမှာမို့လို့ ပြည်သူတွေ စစ်ရေးသတိရှိဖို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီယာဉ်တန်းတွေအနီးကပ်သွားတာမလုပ်ဖို့၊ မော်တော်ယာဉ်တွေ တံခါးမှန်ဖွင့် မောင်းနှင်ကြဖို့၊ မော်တော်ယာဉ်ကို အမိုးအကာ (တာလပတ်) အပြည့်ဖုံးအုပ်မထားဖို့၊ တော်လှန်ရေးအဖွဲ့ လုံခြုံရေးအရ စစ်ဆေးတဲ့အခါ ကြည်ဖြူစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြဖို့နဲ့ ည ၇ နာရီမှ မနက် ၅ နာရီအတွင်း ခရီးသွားခြင်း မပြုဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တနင်္သာရီမြို့နယ်မှာ ဇန်နဝါရီ ၂၃ ရက်က စစ်ကောင်စီရဲ့ အမြောက်တပ် ၃၀၆ တပ်ရင်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၂၄ ရက်နေ့မှာ တနင်္သာရီတံတား စစ်ဆေးရေးဂိတ်၊ တနင်္သာရီ စရဖရုံး၊ လ.ဝ.က ဦးစီးအရာရှိနေအဆောင်၊ ဗောဓိကမ်းတံတားနေရာတွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

15 hours Ago

May 15, 2022

ဒွန်းဘက်စ်ဒေသ စစ်ရေးအခြေအနေ ခက်ခဲနေဆဲဟု ယူကရိန်းသမ္မတပြော

ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေ တစိတ်တပိုင်း ထိန်းချုပ်ထားတဲ့ ဒွန်းဘက်စ်ဒေသရဲ့ စစ်ရေးအခြေအနေဟာ ခက်ခဲနေတုန်းပဲလို့ ယူကရိန်း သမ္မတ ဇီလန်စကီးက မနေ့ည မိန့်ခွန်းမှာ ပြောပါတယ်။ 

“ရုရှားက ယူကရိန်းကို ရက်ပေါင်း ၈၀ ကြာအောင် ကျူးကျော် တိုက်ခိုက်နေတာတွေက အတော် ရူးနှမ်းတဲ့အလုပ်ပဲ။ ဒါပေမယ့် သူတို့ အခုအချိန်ထိ ဆက်လုပ်နေတုန်းပဲ” လို့ သမ္မတ ဇီလန်စကီးက ဗွီဒီယို မိန့်ခွန်းမှာ ပြောပါတယ်။ 

ရုရှားက ယူကရိန်းပိုင်နက်ထဲက ပင်လယ်နက် ဆိပ်ကမ်းတွေကို ပိတ်ဆို့ဖို့ လုပ်နေတာဟာ တကမ္ဘာလုံးရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတာလို့လည်း သတိပေးလိုက်ပါတယ်။  

“ယူကရိန်းကို လက်နက်တွေ ထောက်ပံ့မှပဲ ကမ္ဘာ့စားနပ်ရိက္ခာ ပြတ်လပ်မှုကို ကာကွယ်နိုင်ပါလိမ့်မယ်။ ယူကရိန်းနိုင်ငံ လွတ်မြောက်မှ၊ ယူကရိန်း နိုင်ငံလုံခြုံမှပဲ စားနပ်ရိက္ခာ ထုတ်လုပ်တဲ့ နိုင်ငံတနိုင်ငံအဖြစ် ပုံမှန် အခြေအနေကို ပြန်ရောက်နိုင်မယ်” လို့ သမ္မတက ပြောသွားပါတယ်။ 

ရုရှားတပ်တွေဟာ ဒွန်းဘက်စ်ဒေသကို ဒုတိယအဆင့် စစ်ဆင်ရေးအနေနဲ့ သဲကြီးမဲကြီး တိုက်ခိုက်နေတာပါ။ ဒါပေမယ့် ယူကရိန်းတပ်တွေက အရှေ့မြောက်ဒေသက နယ်မြေတွေကို ပြန်လည် တိုက်ခိုက်သိမ်းယူနေလို့ ရုရှားတပ်တွေဟာ ယူကရိန်းရဲ့ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ် အပါအဝင် အနီးအနားက မြို့တွေ ရွာတွေကနေ ပြန်လည်ဆုတ်ခွာသွားရပြီး ဖြစ်ပါတယ်။

9 months Ago
Up