close

စစ်ဖြစ်နေသဖြင့် ပြည်သူများ ခရီးမသွားရန် တနင်္သာရီ ပ.က.ဖ သတိပေး

တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် စစ်ရေးအခြေအနေအရ ပြည်သူတွေ ခရီးသွားလာခြင်းမပြုဖို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇန်နဝါရီ ၂၅ ရက်မှာ သတိပေးထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “အခုလက်ရှိမှာ တိုက်ပွဲတွေကတော့ စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီးတွေကြောင့် ပြည်သူတွေ ထိခိုက်သွားတာရှိတယ်။ စစ်ကောင်စီက လက်နက်ကြီးတွေ ရမ်းသန်းပစ်တာတွေကြောင့်၊ နောက်ပြီး တိုက်ပွဲပြင်းထန်လာမှာမို့လို့ ပြည်သူတွေ စစ်ရေးသတိရှိဖို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီယာဉ်တန်းတွေအနီးကပ်သွားတာမလုပ်ဖို့၊ မော်တော်ယာဉ်တွေ တံခါးမှန်ဖွင့် မောင်းနှင်ကြဖို့၊ မော်တော်ယာဉ်ကို အမိုးအကာ (တာလပတ်) အပြည့်ဖုံးအုပ်မထားဖို့၊ တော်လှန်ရေးအဖွဲ့ လုံခြုံရေးအရ စစ်ဆေးတဲ့အခါ ကြည်ဖြူစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြဖို့နဲ့ ည ၇ နာရီမှ မနက် ၅ နာရီအတွင်း ခရီးသွားခြင်း မပြုဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တနင်္သာရီမြို့နယ်မှာ ဇန်နဝါရီ ၂၃ ရက်က စစ်ကောင်စီရဲ့ အမြောက်တပ် ၃၀၆ တပ်ရင်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၂၄ ရက်နေ့မှာ တနင်္သာရီတံတား စစ်ဆေးရေးဂိတ်၊ တနင်္သာရီ စရဖရုံး၊ လ.ဝ.က ဦးစီးအရာရှိနေအဆောင်၊ ဗောဓိကမ်းတံတားနေရာတွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up