စစ်အာဏာသိမ်းပြီး ၁ နှစ်တာကာလအတွင်း စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီက အပြစ်မဲ့ပြည်သူ ၄၂၃ ယောက်ကျော်ကို အကြမ်းဖက် သတ်ဖြတ်ခဲ့ပါတယ်။
အစုလိုက်အပြုံလိုက်မီးရှို့သတ်တာ၊ ဦးခေါင်းကို ပစ်ခတ်သတ်ဖြတ်တာ၊ စစ်ကြောရေးမှာ နှိပ်စက်သတ်ဖြတ်တာတွေကို စစ်ကောင်စီက ကျူးလွန်ခဲ့ပါတယ်။
စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၂ ဖေဖော်ဝါရီ ၈ ရက်နေ့အထိ တစ်နှစ်တာကာလအတွင်း မြန်မာတစ်နိုင်ငံလုံးမှာ အပြစ်မဲ့ပြည်သူ ၁၅၂၉ ယောက်ကျော်ကို စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်ခဲ့တာပါ။
စစ်ကိုင်းတိုင်းထဲမှာတော့ တစ်နှစ်နီးပါးကာလအတွင်း အပြစ်မဲ့ပြည်သူ ၄၂၃ ဦးကို စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း AAPP ရဲ့မှတ်တမ်းတွေက ဖော်ပြပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ ကလေးမြို့နယ်ဟာ စစ်ကောင်စီရဲ့ ပြည်သူအများဆုံး သတ်ဖြတ်တာခံထားရတဲ့ မြို့နယ်ဖြစ်ပြီး ပြည်သူ ၇၅ယောက်အထိ အသတ်ခံထားရပါတယ်။
ကနီမြို့နယ်မှာတော့ ပြည်သူ ၆၃ ယောက်အထိ အသတ်ခံထားရပြီး မုံရွာမြို့နယ်မှာတော့ ပြည်သူ ၃၆ ယောက်အထိ အသတ်ခံထားရပါတယ်။ ဒီစာရင်းတွေဟာ AAPP က အချက်အလက်ကောက်ယူ အတည်ပြု နိုင်တဲ့စာရင်းတွေသာဖြစ်ပြီး လူမသိသူမသိ စာရင်းမဝင်ဘဲ သတ်ဖြတ်ခံထားရသူတွေလည်းရှိနိုင်ပါသေးတယ်။
စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်တာတွေကို ဆက်လက်ကျူးလွန်ဦးမှာဖြစ်သလို ဒေသခံနိုင်ငံရေးသမားတွေကလည်း စာရင်းတွေအတိအကျအခိုင်အမာ မှတ်တမ်းယူပြီး နိုင်ငံတကာဥပဒေတွေနဲ့အညီ စစ်ခေါင်းဆောင်တွေကို အရေးယူနိုင်ဖို့ ကြိုးစားနေတယ်လို့ မုံရွာသပိတ်ဦးဆောင်ကော်မတီ ကိုခန့်ဝေဖြိုးက ပြောပါတယ်။
စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်း ၃၇ မြို့နယ်ထဲက ၃၁ မြို့နယ်မှာ အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်တာတွေ ကျူးလွန်ခဲ့ပါတယ်။
တစ်နိုင်ငံလုံးမှာ အပြစ်မဲ့သတ်ဖြတ်ခံရတဲ့ပြည်သူ ၄ ပုံ ၁ ပုံကျော်ဟာ စစ်ကိုင်းတိုင်းအတွင်းမှာ သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။
သပိတ်မှာပါဝင်သူတွေကို ပစ်ခတ်သတ်ဖြတ်တာ၊ အစုလိုက်အပြုံလိုက်မီးရှို့သတ်တာ၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တာ၊ ဦးခေါင်းကို ပစ်ခတ်သတ်ဖြတ်တာ၊ ဝမ်းဗိုက်နဲ့ရင်အုံကို ထုတ်ချင်းပေါက်ပစ်ခတ်သတ်ဖြတ်တာ၊ စစ်ကြောရေးမှာ ရိုက်နှက်နှိပ်စက်ရင်း လက်လွန်သေဆုံးတာ စတဲ့ပြစ်မှုတွေကို စစ်ကောင်စီက ကျူးလွန်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် အသက်မသေပေမယ့် ကိုယ်လက်အင်္ဂါချို့ယွင်းခဲ့ရသူ အများအပြားရှိခဲ့ပေမယ့် စာရင်းအတိအကျကိုတော့ ကောက်ယူဖို့ခက်ခဲနေတယ်လို့ စစ်ကိုင်းဒေသခံ နိုင်ငံရေးသမား ကိုစိုးဝင်းဆွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးကို ခရိုင် ၁၁ ခုနဲ့ ဖွဲ့စည်းထားပြီး မြို့နယ်ပေါင်း ၃၇ မြို့နယ်၊ မြို့ပေါင်း ၅၀၊ ရပ်ကွက်ပေါင်း ၂၇၁ ခု၊ ကျေးရွာအုပ်စု ၁၇၅၅ အုပ်စုနဲ့ ရွာပေါင်း ၅၉၉၁ ရွာ တည်ရှိပါတယ်။
စစ်ကောင်စီဟာ ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်တာအပြင် ကျေးရွာပေါင်းများစွာကိုလည်း မီးရှို့အနိုင်ကျင့် ခြိမ်းခြောက်ခဲ့ပါတယ်။
စစ်ကိုင်းဒေသခံပြည်သူတွေကတော့ စစ်ကောင်စီရဲ့အကြမ်းဖက်သတ်ဖြတ်တာတွေ၊ ရွာတွေကို မီးရှို့တာတွေအတွက် နိုင်ငံတကာက ဘယ်အချိန်အထိ အရေးမယူဘဲ ကြည့်နေမှာလဲလို့ ပုလဲမြို့နယ်နေ လှော်ကားကြီးကျေးရွာသူတစ်ဦးက မေးခွန်းထုတ်ပါတယ်။
AAPP ရဲ့မှတ်တမ်းတွေအရ မတ်လ ၃ ရက်နေ့က စစ်ကိုင်းတိုင်း၊ မုံရွာမြို့က သပိတ်တွေမှာပါဝင်ခဲ့တဲ့ စာရေးဆရာမ မြင့်မြင့်ဇင် (ခေါ်) ကြည်လင်းအေးအပါအဝင် ၉ ဦးကို စစ်ကောင်စီက အစောဆုံးအနေနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။
AAPP ရဲ့ မှတ်တမ်းတွေအရ ဇန်နဝါရီ ၁၂ ရက်နေ့က စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဇနဖျင်းကျေးရွာမှာ နေထိုင်တဲ့ ဦးကျော်ဆွေဟာ စစ်ကိုင်းတိုင်းအတွင်းမှာ နောက်ဆုံး ပစ်ခတ်သတ်ဖြတ်ခံထားရသူဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်အပါအဝင် အစိုးရအဖွဲ့ဝင်တွေ၊ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အပါအဝင် နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ဆန္ဒပြပြည်သူအများအပြားကို စစ်ကောင်စီက မုံရွာအကျဉ်းထောင်မှာ ထိန်းသိမ်းထားတာပါ။
နွေဦးတော်လှန်ရေးကာလအတွင်း မုံရွာအကျဉ်းထောင်မှာ ဖမ်းဆီးခံရသူအရေအတွက်ဟာလည်း အကျဉ်းသား စုစုပေါင်းရဲ့ ၃ပုံ ၂ ပုံလောက်ရှိနေပြီး ထောင်အာဏာပိုင်တွေက အနိုင်ကျင့်နှိပ်စက်တာ၊ တိုက်ပိတ်တာ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ပြုလုပ်နေတယ်လို့ စစ်ကိုင်းဒေသခံ နိုင်ငံရေးသမား ကိုစိုးဝင်းဆွေက ပြောပါတယ်။
စစ်ကောင်စီဟာ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ ၁ ယောက်၊ ကလေးမြို့နယ်မှာ ၇၅ ယောက်၊ မင်းကင်းမြို့နယ်မှာ အယောက်၂၀၊ကသာမြို့နယ်မှာ ၁ ယောက်၊ အင်းတော်မြို့နယ်မှာ ၁ယောက်၊ ထီးချိုင့်မြို့နယ်မှာ ၇ ယောက်၊ ကောလင်းမြို့နယ်မှာ ၉ ယောက်၊ ပင်လယ်ဘူးမြို့နယ်မှာ ၃ ယောက်၊ ကန့်ဘလူမြို့နယ်မှာ ၆ယောက်၊ ကျွန်းလှမြို့နယ်မှာ ၃ ယောက်၊ မုံရွာမြို့နယ်မှာ ၃၆ယောက်၊ အရာတော်မြို့နယ်မှာ ၉ ယောက်၊ ချောင်းဦးမြို့နယ်မှာ ၃ ယောက်၊ ဘုတလင်မြို့နယ်မှာ ၄ ယောက်၊ စစ်ကိုင်းမြို့နယ်မှာ ၆ ယောက်၊ မြင်းမူမြို့နယ်မှာ ၂ ယောက်၊ မြောင်မြို့နယ်မှာ ၁၁ယောက်၊ ရွှေဘိုမြို့နယ်မှာ ၃၂ယောက်၊ ရေဦးမြို့နယ်မှာ ၇ယောက်၊ ခင်ဦးမြို့နယ်မှာ ၃၃ယောက်၊ ဝက်လက်မြို့နယ်မှာ ၉ယောက်၊တန့်ဆည်မြို့နယ်မှာ ၂၈ယောက်၊ ဒီပဲယင်းမြို့နယ်မှာ ၁၆ယောက်၊ တမူးမြို့နယ်မှာ ၁၄ယောက်၊ ယင်းမာပင်မြို့နယ်မှာ ၈ယောက်၊ ဆားလင်းကြီးမြို့နယ်မှာ ၁၃ယောက်၊ ပုလဲမြို့နယ်မှာ ၃ယောက်၊ ကနီမြို့နယ်မှာ ၆၃ယောက်၊ စုစုပေါင်း အပြစ်မဲ့ပြည်သူ ၄၂၃ဦးကို အကြမ်းဖက်သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။
စစ်အာဏာသိမ်းတစ်နှစ်ပြည့် ကန့်ကွက်ရှုတ်ချဆန္ဒပြပွဲနဲ့ ကမ္ဘာလုံးဆိုင်ရာလူထုလှုပ်ရှားမှုကို တိုကျိုမြို့ရှိ ဂျပန်နိုင်ငံခြားရေးဌာနရုံးရှေ့မှာ ဖေဖော်ဝါရီ ၁ ရက်က ကျင်းပရာမှာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား တိုင်းရင်းသားတွေနဲ့ မြန်မာ့အရေးစိတ်ဝင်စားတဲ့ ဂျပန်နိုင်ငံသားတွေ ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူတွေကို အမြန်ဆုံးလွှတ်ပေးရေး၊ ဂျပန်အစိုးရအနေနဲ့ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကို အသိအမှတ်မပြုရေးနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရကို အမြန်ဆုံးအသိအမှတ်ပြုရေးတို့ကို ဂျပန်-မြန်မာ-အင်္ဂလိပ် ၃ ဘာသာနဲ့ တောင်းဆိုခဲ့ကြပါတယ်။
မြန်မာပြည်သူတွေရဲ့ ဆန္ဒကို အသိအမှတ်ပြုတဲ့အနေနဲ့ ဂျပန်အစိုးရအနေနဲ့ပြတ်သားစွာ NUG အမျိုးသားညီညွတ်ရေး အစိုးရကို အသိအမှတ်ပြုဖို့ အခုလို နိုင်ငံခြားရေးရုံးမှာ ဆန္ဒလာပြတာလို့ ဦးဆောင်သူတဦးဖြစ်တဲ့ ကိုသန့်ဇော်ထက်က ပြောပါတယ်။
CDM မှာ မပါဝင်သေးတဲ့ ပြည်တွင်းက ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ ဓမ္မနဲ့အဓမ္မကို ခွဲသိမြင်ပြီး ပြည်သူတွေနဲ့အတူ အမြန်ရပ်တည်ကြဖို့လည်း ဆန္ဒပြပွဲမှာပါဝင်လာတဲ့ မြန်မာ့လက်ရွေးစင် ဂိုးသမားဟောင်း ကိုပြည့်လျှံအောင်က တိုက်တွန်းပြောပါတယ်။
မြန်မာ၊ ဂျပန် အဖွဲ့အစည်းပေါင်း ၇၀ နဲ့ လွှတ်တော်အမတ် ၆၇ ယောက်၊ ပညာရှင် ၆ ဦးက ထောက်ခံလက်မှတ်ရေးထိုးထားတဲ့စာနဲ့ ဂျပန်အစိုးရကို အချက် ၅ ချက်တောင်းဆိုထားတဲ့ လက်မှတ်ပေါင်း ၂၂,၅၆၆ ခုကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးဆီ ဇန်နဝါရီ ၃၁ ရက်က ပေးအပ်ခဲ့တယ်လို့ေည်း ကိုမျိုးမင်းဆွေက ဒီဗွီဘီကို ပြောပါတယ်။
ဂျပန်လွှတ်တော်နှစ်ရပ်လုံးက မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ အာဏာသိမ်းမှု ကို ဆန့်ကျင်ရှုတ်ချကြောင်း အတည်ပြုချက်ချထားတာလည်း ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့် အထိမ်းအမှတ် ဆန့်ကျင်ဆန္ဒပြပွဲတွေကို ဖေဖော်ဝါရီ ၁ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့တော်အပါအဝင် မြို့ကြီးအချို့မှာ ပုံစံအမျိုးမျိုးနဲ့ ကျင်းပခဲ့ကြပါတယ်။
အာဏာသိမ်းတစ်နှစ်ပြည့်နဲ့ ကမ္ဘာလုံးဆိုင်ရာလူထုလှုပ်ရှားမှု တိုကျို ရှီနဂဝမြို့မှာရှိတဲ့ မြန်မာ သံရုံးရှေ့မှာလည်း ညနေ ၃ နာရီခွဲက စတင်ကာ စစ်ကောင်စီနဲ့ စစ်ကောင်စီခန့် သံဝန်ထမ်းတွေကို ဆန့်ကျင်ကြောင်း ဂျပန်ရောက်မြန်မာနိုင်ငံသားတွေက ဆန္ဒထုတ်ဖော်ပြသခဲ့ကြပါတယ်။
တိုကျိုမြို့မှာသာမက အိုခယမ၊ ရှိဇုအို၊ အိုခိနာဝ၊ ဟော်ကိုင်းဒိုး၊ ကိုဘေးတို့မှာလည်း အာဏာသိမ်းစစ်ကောင်စီ ဆန့်ကျင်ပွဲတွေ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။