close

စစ်အာဏာသိမ်း ၁ နှစ်ပြည့် ကန့်ကွက်ရှုတ်ချဆန္ဒပြပွဲများ တိုကျိုတွင် ပြုလုပ်

စစ်အာဏာသိမ်းတစ်နှစ်ပြည့် ကန့်ကွက်ရှုတ်ချဆန္ဒပြပွဲနဲ့ ကမ္ဘာလုံးဆိုင်ရာလူထုလှုပ်ရှားမှုကို တိုကျိုမြို့ရှိ ဂျပန်နိုင်ငံခြားရေးဌာနရုံးရှေ့မှာ ဖေဖော်ဝါရီ ၁ ရက်က ကျင်းပရာမှာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား တိုင်းရင်းသားတွေနဲ့ မြန်မာ့အရေးစိတ်ဝင်စားတဲ့ ဂျပန်နိုင်ငံသားတွေ ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူတွေကို အမြန်ဆုံးလွှတ်ပေးရေး၊ ဂျပန်အစိုးရအနေနဲ့ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကို အသိအမှတ်မပြုရေးနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရကို အမြန်ဆုံးအသိအမှတ်ပြုရေးတို့ကို ဂျပန်-မြန်မာ-အင်္ဂလိပ် ၃ ဘာသာနဲ့ တောင်းဆိုခဲ့ကြပါတယ်။

မြန်မာပြည်သူတွေရဲ့ ဆန္ဒကို အသိအမှတ်ပြုတဲ့အနေနဲ့ ဂျပန်အစိုးရအနေနဲ့ပြတ်သားစွာ NUG အမျိုးသားညီညွတ်ရေး အစိုးရကို အသိအမှတ်ပြုဖို့ အခုလို နိုင်ငံခြားရေးရုံးမှာ ဆန္ဒလာပြတာလို့ ဦးဆောင်သူတဦးဖြစ်တဲ့ ကိုသန့်ဇော်ထက်က ပြောပါတယ်။ 

CDM မှာ မပါဝင်သေးတဲ့ ပြည်တွင်းက ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ ဓမ္မနဲ့အဓမ္မကို ခွဲသိမြင်ပြီး ပြည်သူတွေနဲ့အတူ အမြန်ရပ်တည်ကြဖို့လည်း ဆန္ဒပြပွဲမှာပါဝင်လာတဲ့ မြန်မာ့လက်ရွေးစင် ဂိုးသမားဟောင်း  ကိုပြည့်လျှံအောင်က တိုက်တွန်းပြောပါတယ်။

မြန်မာ၊ ဂျပန် အဖွဲ့အစည်းပေါင်း ၇၀ နဲ့ လွှတ်တော်အမတ် ၆၇ ယောက်၊ ပညာရှင် ၆ ဦးက ထောက်ခံလက်မှတ်ရေးထိုးထားတဲ့စာနဲ့ ဂျပန်အစိုးရကို အချက် ၅ ချက်တောင်းဆိုထားတဲ့ လက်မှတ်ပေါင်း ၂၂,၅၆၆ ခုကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးဆီ ဇန်နဝါရီ ၃၁ ရက်က ပေးအပ်ခဲ့တယ်လို့‌ေည်း ကိုမျိုးမင်းဆွေက ဒီဗွီဘီကို ပြောပါတယ်။

ဂျပန်လွှတ်တော်နှစ်ရပ်လုံးက မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ အာဏာသိမ်းမှု ကို ဆန့်ကျင်ရှုတ်ချကြောင်း အတည်ပြုချက်ချထားတာလည်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့် အထိမ်းအမှတ် ဆန့်ကျင်ဆန္ဒပြပွဲတွေကို ဖေဖော်ဝါရီ ၁ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့တော်အပါအဝင် မြို့ကြီးအချို့မှာ ပုံစံအမျိုးမျိုးနဲ့ ကျင်းပခဲ့ကြပါတယ်။

အာဏာသိမ်းတစ်နှစ်ပြည့်နဲ့ ကမ္ဘာလုံးဆိုင်ရာလူထုလှုပ်ရှားမှု တိုကျို ရှီနဂဝမြို့မှာရှိတဲ့ မြန်မာ သံရုံးရှေ့မှာလည်း ညနေ ၃ နာရီခွဲက စတင်ကာ စစ်ကောင်စီနဲ့ စစ်ကောင်စီခန့် သံဝန်ထမ်းတွေကို ဆန့်ကျင်ကြောင်း ဂျပန်ရောက်မြန်မာနိုင်ငံသားတွေက ဆန္ဒထုတ်ဖော်ပြသခဲ့ကြပါတယ်။ 

တိုကျိုမြို့မှာသာမက အိုခယမ၊ ရှိဇုအို၊ အိုခိနာဝ၊ ဟော်ကိုင်းဒိုး၊ ကိုဘေးတို့မှာလည်း အာဏာသိမ်းစစ်ကောင်စီ ဆန့်ကျင်ပွဲတွေ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up