ရန်ကုန်မြို့တော်စည်ပင်သာယာဝန်ထမ်းတွေက ဗိုလ်တစ်ထောင်မြို့နယ်နဲ့ ပုဇွန်တောင်မြို့နယ်တွင်းက နေအိမ်တွေကို အမှိုက်ခွန်နဲ့ ရေခွန်တွေ ဇွန်လ ၃ ရက်နေ့မှာ လိုက်လံ ကောက်ခံနေပါတယ်။
အရင်မဆောင်ထားတဲ့ အခွန်တွေအပြင် ၆ လစာ ကောက်ခံနေတာဖြစ်တယ်လို့ ပုဇွန်တောင်မြို့နယ်က ပြည်သူတစ်ဦးက ပြောပါတယ်။
“ဝန်ထမ်းလေးဦးလောက်နဲ့ လာကောက်နေတာ။ ရုတ်တရက်ကြီး ခြောက်လစာ ရေခွန် အမှိုက်ခွန်ပေးပါလို့ပြောတယ်။ အမတို့လည်း ပိုက်ဆံတွေလည်း ထုတ်မရဘူး။ ၆ လစာလည်း မဆောင်နိုင်ဘူးလို့ ပြောလိုက်တယ်။ အဲ့တော့ တစ်လစာလောက်တော့ ဆောင်ပေးပါဆိုလို့ တစ်လစာပဲ ဆောင်ပေးလိုက်တယ်”
ဇွန်လ ၃ ရက် နေ့လည်မှာ စည်ပင်ဝန်ထမ်း သုံးဦးလောက်က အထပ်မြင့် တိုက်ခန်းတွေအထိပါတက်ပြီး အခွန်ငွေတွေ လိုက်လံကောက်ခံနေတာဖြစ်ပါတယ်။ ဇွန်လ ၂ ရက်နေ့ကလည်း ရန်ကုန် တာမွေမြို့နယ်မှာ စည်ပင်ဝန်ထမ်းတွေက ရေခွန်တွေ လိုက်လံ ကောက်ခံနေပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်တဲ့ အနေနဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ ဝင်ငွေရလမ်းတွေ ဖြစ်တဲ့ ရေခွန်နဲ့ မီတာခအပါအဝင် အခွန်အခတွေ မပေးဆောင်ကြဖို့ တိုက်တွန်း နှိုးဆော်တဲ့ လှုပ်ရှားမှုတွေလည်း ရှိနေပါတယ်။
ပုသိမ်မြို့ပေါ်ရှိ ဆိုင်ကယ်အရောင်းဆိုင်တွေကို ပိတ်သိမ်းထားရန် ပုသိမ်စည်ပင်သာယာရေး အဖွဲ့က မေ ၈ ရက်မှာ အကြောင်းကြားစာပို့လာတယ်လို့ သိရပါတယ်။
“ဆိုင်ပိတ်ဖို့ စည်ပင်က လာပို့တယ်။ ဘာကြောင့်ပိတ်မှန်းမသိဘူး။ ပြီးခဲ့တဲ့ညက ဧရာဝတီတိုင်းထဲ ဆိုင်ကယ်အရောင်းဆိုင်တွေကို ဝင်စစ်တာတွေ လုပ်တယ်။ ဘာကြောင့်လုပ်တာ မသိဘူး။ အခုလို အချိန်က အရောင်းအဝယ်မရှိ ပိတ်ရတော့ အခက်အခဲတော့ ရှိတာပေါ့” လို့ ပုသိမ်မြို့ ဆိုင်ကယ်အရောင်းအဝယ်ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။
စည်ပင်သာယာအဖွဲ့က ပို့တဲ့စာမှာ လူကြီးမင်းရဲ့ ဆိုင်ကယ်အရောင်းဆိုင်ကို စာရတဲ့အချိန်က စပြီး ပိတ်သိမ်းဖို့ ညွှန်ကြားကြောင်း အသိပေးထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုက မေ ၇ ရက် ညပိုင်းက မြန်မာနိုင်ငံရှိ ဆိုင်ကယ်အရောင်းဆိုင်တွေကို ဝင်ရောက်ရှာဖွေ စစ်ဆေးကာ ဆိုင်ကယ်တွေ ယူဆောင်သွားတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်၊ သန့်စင်ကုန်းကျေးရွာမှာရှိတဲ့ မြို့တော်ပန်းဈေးက ပန်းရောင်းချသူတွေအား လစဉ်ပေးသွင်းရမယ့် ဆိုင်ခွန်လခတွေပေးဖို့ မေ ၇ ရက်မှာ စည်ပင်ဝန်ထမ်းတွေ နှစ်ဦးက စစ်သားတွေခေါ်လာပြီး ခြိမ်းခြောက်တောင်းဆိုနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီ အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး ဆိုင်ခွန်လခတွေ မပေးသွင်းဖြစ်ကြတော့ပဲ ဧပြီ ၂၉ ရက်ကစပြီး စည်ပင်ဝန်ထမ်းတွေက သေနတ်ကိုင် စစ်သား ဆယ်ဦးလောက်ကို ခေါ်လာကာ ဆိုင်ခွန်လခတွေ ပြန်လည်ပေးသွင်းကြဖို့ လာရောက် ခြိမ်းခြောက်ကောက်ခံခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၂၉ ရက်မှာ လာရောက်စဉ်ကတည်းက မပေးသွင်းရသေးတဲ့ ဆိုင်ခန်းခ ၄ လစာကို ရက်ပိုင်းအတွင်း နှစ်ကြိမ်ခွဲကာ အပြီးအပြတ် ပေးသွင်းကြဖို့ စည်ပင်ဝန်ထမ်းတွေက ခြိမ်းခြောက်တောင်းခံခဲ့တယ်လို့ သိရပါတယ်။
လတ်တလောအထိ မပေးသွင်းရသေးတဲ့ ဆိုင်ခွန်လခတွေကို မေ ၁၄ ရက် နောက်ဆုံးထား ပေးသွင်းကြဖို့ နဲ့ သတ်မှတ်ရက်ထက် ကျော်လွန်ပါက သတ်မှတ်စည်းမျဉ်း စည်းကမ်း ဥပဒေတွေနဲ့ အညီ အရေးယူမယ်လို့ သိရပါတယ်။
အဆိုပါ ပန်းဈေးမှာ ဆိုင်ခန်းပေါင်း ၁၂၀ ရှိပြီး ဆိုင်ခန်း ၈၀ ခန့် ရောင်းချနေကြတယ်လို့ သိရပါတယ်။
ဓာတ်ပုံ CJ