ရန်ကုန်တိုင်းထဲက မြို့နယ်တွေမှာ ဧည့်စာရင်းတိုင်ကြားပြီး နေထိုင်သူတွေအနေနဲ့ ရပ်ကွက်ရုံးတွေမှာ ဧည့်စာရင်းသွားတိုင်တဲ့အခါ မိသားစုဓာတ်ပုံတောင်းသလို အရင်ကထက် အချက်အလက်တွေ ပိုပြီး တောင်းယူနေတာရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အရင်က ဧည့်စာရင်းသွားတိုင်တဲ့အခါ ဧည့်စာရင်းစာရွက်ဖောင်မှာ အပြည့်အစုံရေးဖြည့်ပြီး မှတ်ပုံတင်မူရင်းပြပြီး မိတ္တူပေးထားခဲ့ရင် ပြီးပေမဲ့ အခုနောက်ပိုင်းမှာတော့ အိမ်မှာ လက်ရှိနေထိုင်တဲ့ မိသားစုလိုက်ရိုက်ထားတဲ့ ဓာတ်ပုံတွေပါ တောင်းယူတာမျိုးတွေရှိတယ်လို့ မရမ်းကုန်းမြို့နယ်ထဲမှာ ဧည့်စာရင်းတိုင်ကြားခဲ့သူတယောက်က ဆိုပါတယ်။
အဲဒီလို တောင်းယူမှုတွေရှိတဲ့အတွက် နေအိမ်မှာ အမြဲနေတာမျိုးမဟုတ်ဘဲ အလုပ်ကိစ္စနဲ့ မကြာခဏ ခရီးသွားလာတာတွေ လုပ်နေတဲ့သူတွေ အခက်အခဲဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း ဧည့်စာရင်း လာရောက်စစ်ဆေးတဲ့အခါ ပြည်သူတွေအပေါ်မှာ ကြိမ်းမောင်းပြီး ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတာမျိုးတွေရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အန်အယ်လ်ဒီ အစိုးရလက်ထက်မှာတော့ အရင် စစ်အာဏာရှင်တွေက လုံခြုံရေးအကြောင်းပြပြီး ပြဋ္ဌာန်းထားတဲ့ ဧည့်စာရင်းဥပဒေကို ဖျက်သိမ်းခဲ့ပါတယ်။
ဒါပေမဲ့ စစ်တပ်က အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းချိန် အစောပိုင်းကာလကစလို့ နိုင်လွတ်လုံ ဥပဒေနဲ့ ဧည့်စာရင်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းမှာ ကွာရန်တင်းဝင်ရောက်တဲ့ ပဲခူးနဲ့ ရန်ကုန်က အလုပ်သားမား ၁၇ ဦးထံမှ ဒီဇင်ဘာ ၈ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိပြီးနောက် ပြည်နယ်အစိုးရက အခုလို ညွှန်ကြားချက်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
အဆိုပါညွှန်ကြားချက်ဟာ ဒီကနေ့ ဒီဇင်ဘာ ၉ ရက်နေ့မှာ စတင်လိုက်နာဆောင်ရွက် ရမှာဖြစ်ပြီး အချက် ၅ ချက် ပါရှိပါတယ်။
အဲဒီညွှန်ကြားချက်တွေကတော့ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ရာမှာ အတတ်နိုင်ဆုံး ကယားပြည်အတွင်းရှိ အလုပ်သမားတွေနဲ့သာ လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်ဖို့၊ Stay at home သတ်မှတ်ထားတဲ့ မြို့နယ်တွေက သတ်မှတ်ထားတဲ့ မြို့နယ်တွေကနေ အလုပ်သမားကို ခေါ်ယူခြင်းမပြုလုပ်ဖို့၊ stay at home မသတ်မှတ်တဲ့ မြို့နယ်တွေက အလုပ်သမားတွေ ခေါ်ယူရာမှာလည်း ခေါ်ယူမယ့် အလုပ်သမားခေါင်းဆောင်ရဲ့ အမည်နဲ့ အလုပ်သမား အရေအတွက် စာရင်းကို ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြ ခွင့်ပြုချက်ရရှိမှသာ ခေါ်ယူဖို့ ပါဝင်ပါတယ်။
ဒါ့အပြင် ခေါ်ယူထားတဲ့ အလုပ်သမားတွေ ရောက်ရှိလာပါက သက်ဆိုင်ရာ ကွာရန်တင်း စင်တာတွေမှာ ကွာရန်တင်း ဝင်ရောက်စေပြီး ဓာတ်ခွဲနမူနာ ၂ ကြိမ် စစ်ဆေးမှုနဲ့ ကုန်ကျစရိတ်နဲ့ နေထိုင်စားသောက်ရေးစရိတ်ကိစ္စရပ်တွေကို ကုမ္ပဏီက ကျခံရမှာပါ။
တင်ဒါအောင်ကုမ္ပဏီက တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ လုပ်ငန်းခွင်အတွင်းကို လုပ်ကိုင်ဆောင်ရွက်နေတဲ့ အလုပ်သမားစာရင်း ကိုယ်ရေးအချက်အလက် အပြည့်အစုံကိုလည်း သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးရုံး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနဲ့ အလုပ်ရုံ အလုပ်သမားစစ်ဆေးရေး ဦးစီးဌာနကို အသိပေး တင်ပြထားဖို့လည်း ညွှန်ကြားထားပါတယ်။
ဒီညွှန်ကြားစာကို ပြည်နယ် ခေတ္တဝန်ကြီးချုပ်ကိုယ်စား ဦးအံ့မော်ရဲ လက်မှတ်နဲ့ ဌာနဆိုင်ရာတွေ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ သက်ဆိုင်ရာကုမ္ပဏီတွေကို ညွှန်ကြားထားတာ ဖြစ်ပါတယ်။
ကယားပြည်နယ်မှာ ဒီဇင်ဘာ ၉ ရက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၇ ဦး ရှိပြီး အများစုကတော့ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နဲ့ ကယားပြည်နယ်ကို အလုပ်လုပ်ဖို့ ရောက်ရှိလာတဲ့ အလုပ်သမားတွေ ဖြစ်ကြပါတယ်။ လူနာ ၄၇ ဦးထဲက ၂၁ ဦး ဆေးရုံဆင်းသွားပြီး ဖြစ်ပါတယ်။