close

စစ်ကောင်စီက ဧည့်စာရင်းတိုင်ကြားသူများကို မိသားစုဓာတ်ပုံတောင်းပြီး ပိုမိုစည်းကမ်းတင်းကျပ်

ရန်ကုန်တိုင်းထဲက မြို့နယ်တွေမှာ ဧည့်စာရင်းတိုင်ကြားပြီး နေထိုင်သူတွေအနေနဲ့ ရပ်ကွက်ရုံးတွေမှာ ဧည့်စာရင်းသွားတိုင်တဲ့အခါ မိသားစုဓာတ်ပုံတောင်းသလို အရင်ကထက် အချက်အလက်တွေ ပိုပြီး တောင်းယူနေတာရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အရင်က ဧည့်စာရင်းသွားတိုင်တဲ့အခါ ဧည့်စာရင်းစာရွက်ဖောင်မှာ အပြည့်အစုံရေးဖြည့်ပြီး မှတ်ပုံတင်မူရင်းပြပြီး မိတ္တူပေးထားခဲ့ရင် ပြီးပေမဲ့ အခုနောက်ပိုင်းမှာတော့ အိမ်မှာ လက်ရှိနေထိုင်တဲ့ မိသားစုလိုက်ရိုက်ထားတဲ့ ဓာတ်ပုံတွေပါ တောင်းယူတာမျိုးတွေရှိတယ်လို့ မရမ်းကုန်းမြို့နယ်ထဲမှာ ဧည့်စာရင်းတိုင်ကြားခဲ့သူတယောက်က ဆိုပါတယ်။

အဲဒီလို တောင်းယူမှုတွေရှိတဲ့အတွက် နေအိမ်မှာ အမြဲနေတာမျိုးမဟုတ်ဘဲ အလုပ်ကိစ္စနဲ့ မကြာခဏ ခရီးသွားလာတာတွေ လုပ်နေတဲ့သူတွေ အခက်အခဲဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း ဧည့်စာရင်း လာရောက်စစ်ဆေးတဲ့အခါ ပြည်သူတွေအပေါ်မှာ ကြိမ်းမောင်းပြီး ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတာမျိုးတွေရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အန်အယ်လ်ဒီ အစိုးရလက်ထက်မှာတော့ အရင် စစ်အာဏာရှင်တွေက လုံခြုံရေးအကြောင်းပြပြီး ပြဋ္ဌာန်းထားတဲ့ ဧည့်စာရင်းဥပဒေကို ဖျက်သိမ်းခဲ့ပါတယ်။

ဒါပေမဲ့ စစ်တပ်က အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းချိန် အစောပိုင်းကာလကစလို့ နိုင်လွတ်လုံ ဥပဒေနဲ့ ဧည့်စာရင်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up