အသင်းရလဒ်မကောင်းခဲ့တဲ့အပေါ် တာဝန်ယူကြောင်း ဗီလာနည်းပြ စတီဗင်ဂျရတ်က ပြောပါတယ်။
အက်စတွန်ဗီလာအသင်းဟာ နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး ရာထူးကနေ ထုတ်ပယ်ဖို့အထိ ဗီလာပရိသတ်တွေက တောင်းဆိုခဲ့ကြတာပါ။
နည်းပြဂျရတ်ကတော့ ဒီလိုခက်ခဲတဲ့အချိန်တွေကို ကစားသမားဘဝကတည်းက ရင်းနှီးလာခဲ့ပြီးသားဖြစ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေတဲ့ စိန်ခေါ်မှုတွေ၊ ဖိအားတွေကို ရင်ဆိုင်ဖြေရှင်းသွားမှာဖြစ်ပြီး ဝေဖန်မှုတွေ အားလုံးကိုလည်း လက်ခံကြောင်း ဂျရတ်က ပြောပါတယ်။
“ဒီအခြေအနေကို စိတ်ဝင်စားစရာ စိန်ခေါ်မှုအဖြစ် မြင်ထားတယ်။ ဘာမှ တုန်လှုပ်နေစရာလည်း မလိုပါဘူး။ ခေါင်းမော့ ရင်ကော့ပြီး အခြေအနေတွေအားလုံးကို ရင်ဆိုင်ကျော်ဖြတ်သွားပါမယ်။ ကစားသမားတွေ အပေါ်မှာလည်း ယုံကြည်ပါတယ်” လို့ ဂျရတ်က ပြောပါတယ်။
ဗီလာအသင်းဟာ စက်တင်ဘာ ၁ ရက် မနက်ပိုင်းမှာ အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
လက်ရှိ လီဗာပူးနည်းပြ ယာဂန်ကလော့ပ် အလွန်မှာ အသင်းရဲ့ဂန္ထဝင်ကစားသမား စတီဗင်ဂျရတ်က လီဗာပူးနည်းပြ ဖြစ်လာလိမ့်မယ်လို့ နောက်ခံလူဟောင်း စကာတယ်က သုံးသပ်ပြောပါတယ်။
ဆလိုဗေးနီးယားနောက်ခံလူ စကာတယ်ဟာ ကစားသမားဘဝကို ၂၁ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် ပြီးခဲ့တဲ့မေလက အနားယူခဲ့ပါတယ်။
လီဗာပူးအသင်းမှာ ၈ နှစ်ကြာကစားခဲ့ပြီး စတီဗင်ဂျရတ်၊ ကာရေဂါတို့လို ဂန္ထဝင်ကစားသမားတွေနဲ့ တွဲဖက်ကစားခဲ့တဲ့ စကာတယ်ဟာ အသင်းဟောင်းနည်းပြအဖြစ် ဂျရတ် ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားတာပါ။
အင်္ဂလန်နည်းပြ ဂျရတ်ဟာ လက်ရှိအချိန်မှာ အက်စ်တွန်ဗီလာနည်းပြအဖြစ် တာဝန်ယူနေတာပါ။
စကာတယ်က “လက်ရှိအချိန်မှာတော့ ကျနော်တို့အသင်းမှာ ယာဂန်ကလော့ပ်ရှိပြီး အသင်းအတွက် အကောင်းဆုံးနည်းပြပါပဲ။ စတီဗင်က အတွေ့အကြုံကောင်းတွေ ရှာဖွေနေပြီးတချိန်မှာတော့ အသင်းနည်းပြ ဖြစ်လာလိမ့်မယ်။ သူက ရိန်းဂျားမှာ တာဝန်ကျေခဲ့ပြီး ခုချိန်မှာ ဗီလာသင်းဆီ ရောက်နေတယ်။ ယာဂန်ကလော့ပ်က ဒါမှမဟုတ် အသင်းဘက်က ကွဲပြားခြားနားတဲ့ နည်းလမ်းတစ်ခုနဲ့ ဆက်သွားဖို့ ဆုံးဖြတ်မယ်ဆိုရင် စတီဗင်ကပဲ နည်းပြဖြစ်လာလိမ့်မယ်။ ဒါဟာ နှစ်ဦးနှစ်ဖက်စလုံးအတွက် ပြီးပြည့်စုံတဲ့နည်းလမ်း ဖြစ်လာလိမ့်မယ်” လို့ ပြောပါတယ်။
နောက်ခံလူဟောင်း ကာရေဂါအနေနဲ့လည်း နည်းပြဘဝကို ကူးပြောင်းဖို့ ကြိုးပမ်းသင့်ကြောင်းလည်း စကာတယ်က တိုက်တွန်းသွားခဲ့ပါတယ်။