မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ ဒီဇင်ဘာ ၁၉ ရက် မနက်ပိုင်းကစလို့ ကျဆုံးရဲဘော်တွေရဲ့ မိသားစုဝင်တွေနဲ့ ဒေသခံတောင်သူတွေရဲ့ စပါးခင်းတွေကို ယောတော်လှန်ရေးတပ် YRA-ထီးလင်းက ကူညီရိတ်သိမ်းပေးနေတယ်လို့ YRA-ထီးလင်းကနေ သိရပါတယ်။
YRA-ထီးလင်းခေါင်းဆောင် သခင်ဇော်က “ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ တချို့မိသားစုတွေမှာ တောင်သူလုပ်ငန်းလုပ်ကိုင်တဲ့အခါ အခက်အခဲတွေရှိလို့ အဲဒီအိမ်တွေကို ကိုယ့်တပ်ဖွဲ့ဝင်တွေရဲ့အိမ်လို့ သဘောထားပြီး ကျနော်တို့ တတ်နိုင်သ၍ ကူညီပေးရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စပါးခင်းတွေကို ကူညီရိတ်သိမ်းပေးခဲ့တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒီဘက်တွေမှာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတာတွေ များပြားတော့ စစ်ဘေးဒဏ်ခံရတဲ့ တောင်သူတွေအနေနဲ့ အခက်အခဲမျိုးစုံ ကြုံတွေ့နေရသလို တောင်သူလုပ်ငန်းလုပ်လို့ အဆင်မပြေတာတွေ၊ ကောက်သိမ်းချိန်မှာ မရိတ်သိမ်းနိုင်တာတွေ ကြုံတွေ့နေရလို့ တောင်သူတွေနဲ့ တသားတည်းရှိနေတယ် ဆိုတာကို ပြသတဲ့အနေနဲ့ အကူအညီပေးခဲ့တာလို့ ဆိုပါတယ်။
“လိုအပ်ချက်ရှိနေတဲ့ တောင်သူတွေကိုတော့ အခမဲ့ ကူညီရိတ်သိမ်းပေးတာတွေ ပြုလုပ်ပေးခဲ့ သလို ငွေကြေးတတ်နိုင်လို့ ငှားရမ်းတယ်ဆိုရင်လည်း လုပ်သားအခက်အခဲ မဖြစ်ရအောင် ကျနော်တို့တပ်ဖွဲ့ဝင်တွေက သွားရောက်ရိတ်သိမ်းပေးကြတယ်” လို့ သခင်ဇော်က ပြောပါတယ်။
တချို့ စစ်ကောင်စီတပ်စခန်းနဲ့ နီးတဲ့နေရာတွေမှာ လုပ်ကိုင်တဲ့ တောင်သူတွေအနေနဲ့ ကောက်မသိမ်းရဲတာတွေ ရှိနေလို့ သူတို့ရဲ့ လုံခြုံရေးတွေကိုလည်း တာဝန်ယူ စောင့်ရှောက်ပေးတာတွေ ပြုလုပ်ပေးနေတယ်လို့ ဆိုပါတယ်။
ထီးလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးထိန်းချုပ်နယ်မြေတွေ များပြားလာလို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်း အသုံးပြုပြီး ထိုးစစ်ဆင်ကာ နယ်မြေပြန်လည်ထိန်းချုပ်ဖို့ အသဲအသန် ကြိုးစားနေတာပါ။
ဒါအပြင် ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေနဲ့ အဖိုးတန်ပစ္စည်းတွေကို ခိုးယူတာတွေ၊ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက် ပြုလုပ်နေတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အခြေစိုက်၊ ကလေး PDF တပ်ရင်း-၂ က ရဲဘော်တွေဟာ ဒေသခံ တောင်သူလယ်သမားတွေကို ကောက်ပဲသီးနှံ ဆန်စပါးတွေ ကူညီရိတ်သိမ်းပေးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေ ခေတ္တရပ်နားနေတဲ့ လတ်တလောရက်ပိုင်းအတွင်းမှာ ကူညီရိတ်သိမ်းပေးခဲ့ကြတာဖြစ်ပြီး ပြည်သူတွေလိုအပ်နေတဲ့အချိန်မှာ PDF ဆိုတာ အဆင်သင့်ရှိနေရမယ်လို့ ကလေး PDF တပ်ရင်း-၂ တာဝန်ရှိသူတဦးက ပြောပါတယ်။
“ကျနော်တို့ကတော့ ပြည်သူကိုအခြေပြုထားတဲ့အတွက် ကိုယ်ရောက်တဲ့နေရာမှာ ပြည်သူတွေ အကူအညီ လိုအပ်နေလို့ ကူညီပေးတာပါဗျ။ နေ့စားအလုပ်သမားတွေလည်း မရကြဘူး။ ငွေကြေးအခက်အခဲရော ရှိကြတော့ စက်လည်းမငှားနိုင်ကြဘူး။ အာ့ကြောင့် ရောက်တဲ့နေရာမှာ ပြည်သူတွေ အကူအညီ လိုအပ်နေကြလို့ ကူညီရိတ်သိမ်းပေးတာပါဗျ။”
မိမိတို့တပ်ဖွဲ့တွေက ကောက်ပဲသီးနှံဆန်စပါးတွေ ရိတ်သိမ်းကူညီပေးတဲ့အတွက် ဒေသခံတောင်သူတွေရဲ့ လုပ်ငန်းဆောင်တာတွေမှာ အဆင်ပြေ လျင်မြန်ချောမွေ့စွာ ပြီးမြောက်ကြပြီး ဒေသခံတောင်သူတွေက မိမိတို့တပ်ဖွဲ့ဝင်တွေကိုလည်း ကျေးဇူးတင်စကားတွေ ပြောကြားကြလို့ ဝမ်းသာပီတိ ဖြစ်ရတယ်လို့ ဆိုပါတယ်။
ကလေး PDF တပ်ရင်း-၂ က ဒေသခံတော်လှန်ရေးတပ်ဖွဲ့ ရဲဘော်တွေဟာ တခြား ကလေးနယ်က မဟာမိတ်တပ်ရင်းတွေနဲ့အတူ ပူးပေါင်းပြီး စစ်အာဏာရှင်ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေတဲ့ တပ်ရင်းတပ်ဖွဲ့တခုလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ- ကလေးPdfတပ်ရင်း၂