close

စပါးစိုက်ပျိုး

close

September 16, 2022

တော်လှန်ရေးရဲဘော်များရိက္ခာအတွက် PRA ခေါင်းဆောင်များကိုယ်တိုင် စပါးစိုက်ပျိုးနေ

မကွေးတိုင်းအတွင်းမှာအခြေစိုက်တဲ့   ပြည်သူ့တော်လှန်ရေး တပ်မတော် - People Revolution Army က ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်က စတင်ပြီး စက်တင်ဘာ ၁၅ ရက်အထိ PRA တပ်ဖွဲ့ ခေါင်းဆောင်တွေကိုယ်တိုင် စပါးစိုက်ပျိုးနေပါတယ်။

အခု PRA တပ်ဖွဲ့ စိုက်ပျိုးနေတဲ့ လယ်ယာမြေတွေ ကို‌ဒေသခံတောင်သူတွေဆီကနေ မြေငှားပြီး စိုက်ပျိုးတာဖြစ်ပြီး PRA တပ်မတော်အတွက် ဆန်ဝယ်ရသက်သာနိုင်စေဖို့နဲ့ တော်လှန်ရေးရဲဘော်တွေအတွက် ရိက္ခာအဖြစ် အသုံးပြုဖို့ စပါးစိုက်ပျိုးနေတာလို့  ဆိုပါတယ်။

PRA အဖွဲ့ တာဝန်ရှိသူ ဗိုလ်ဂျပန်ကြီးက “လက်ရှိ ၄ ရက်တာအတွင်း ၂ ဧကကျော်ကျော်လောက် စိုက်ပျိုးပြီးပြီလို့ ပြောရမယ်။ အခုစိုက်ပျိုးနေတဲ့ စပါးခင်းတွေက PRA တပ်မတော် တခုလုံးစာတော့ မလုံလောက်ပေမဲ့ အနည်းငယ်တော့ ဆန်ဝယ်ရတာ သက်သာအောင်လို့ အခုလို စိုက်ပျိုးရတာပါဗျ။ တော်လှန်ရေးကလည်း ကြာမြင့်လာပြီဆိုတော့ လှူဒါန်းထောက်ပံ့နေတဲ့ မိဘပြည်သူတွေကိုလည်း သနားမိတယ်။ အဲဒါကြောင့် နည်းနည်းလေး တထောင့်တနေရာကနေ အဖြည့်အစွက်လေးရရ ကျနော်တို့ ခေါင်းဆောင်တွေကိုယ်တိုင် ပါဝင်စိုက်ပျိုးနေတာပါ။ တခြား ဟင်းချက်စရာ၊ ဆီ စတဲ့အသီးအနှံ အပင်တွေလည်း စိုက်ပျိုးဖို့ရာ အစီအစဉ်တွေတော့ရှိတယ်။ တိုက်ပွဲမရှိရင် မရှိသလို လုပ်သွားမယ်” လို့ ပြောပါတယ်။

PRA တပ်မတော်အနေနဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်လာရာမှာ တော်လှန်ရေး အစပိုင်းကတည်းက တိုက်ပွဲဝင် တိုက်ခိုက်လာတဲ့ အဖွဲ့တဖွဲ့ဖြစ်ပါတယ်။

လက်ရှိမကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်း နှစ်ခုကြားမှာ‌ ‌ဒေသခံပြည်သူတွေနဲ့ အခြေပြုကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသလို အဖွဲ့ဝင်၊ တပ်ခွဲ၊ တပ်စု အများအပြားရှိတဲ့ အင်အားကြီး တော်လှန်ရေးအဖွဲ့တဖွဲ့လည်း ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

47 mins Ago

March 14, 2020

ဧရာဝတီတိုင်းတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခု ထပ်မံခွင့်ပြု 

ဧရာဝတီတိုင်းဒေသကြီးမှာ ရင်းနှီးမြုပ်နှံမှု ၂ ခုအား တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီက အတည်ပြုမိန့်ထုတ်ပေးလိုက်တယ်လို့ တိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဦးသက်ပိုင်က ဒီဗွီဘီကို ပြောပါတယ်။ Myanmar Rice Trading Co.Ltd က ဆန်စပါးစိုက်ပျိုးထုတ်လုပ်တာနဲ့ ကြိတ်ခွဲရောင်းချတဲ့ အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်း၊ Aung Shwe Thee Construction Co.Ltd က CMP စနစ်နဲ့ အထည်ချုပ်လုပ်ခြင်းလုပ်ငန်းတို့အား မတ်လ ၁၀ ရက်နေ့က အတည်ပြုမိန့်ထုတ်ပေးခဲ့တာပါ။ “မြို့ ၄ မြို့နယ်မှာ တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုးထုတ်လုပ်မှုကို မျိုးစပါးတွေချပေးမယ်၊ လိုအပ်တဲ့ဓာတ်မြေသြဇာ ပိုးသတ်ဆေးတွေပေးမယ်၊ ထွက်ရှိလာတဲ့စပါးကို ကာလပေါက်စျေးထက် ငါးသောင်းပိုပေးပြီး ပြန်ဝယ်မယ့် လုန်းမျိုးပါ။”ဟု ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်ပိုင်က ပြောပါတယ်။ ခွင့်ပြုလိုက်တဲ့ ဆန်စပါးစိုက်ပျိုးထုတ်လုပ်ခြင်း၊ ကြိတ်ခွဲရောင်းချခြင်း အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းဟာ မော်လမြိုင်ကျွန်း၊ ကျိုက်လတ်၊ ဖျာပုံနဲ့ ဘိုကလေးမြို့နယ်တွေမှာ ဧက ၉၇၀၀ လုပ်ကိုင်မှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ပမဏ ကျပ်သန်း ၆၀၀၀ လို့ သိရပါတယ်။ ညောင်းတုန်မြို့နယ်မှာ အတည်ပြုမိန့်ပေးခဲ့တဲ့ အထည်ချုပ်လုပ်ငန်းကတော့ ရင်းနှီးမြှုပ်နှံမှု ကျပ်သန်း ၅၇၉၅.၇၅၇ ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်း ၁၉၉၇ ယောက်ကို ဖန်တီးပေးနိုင်မယ်လို့ သိရပါတယ်။ ရင်းနှီးမြှုပ်နံမှုကော်မတီက ဧရာဝတီတိုင်းဒေသကြီးမှာ နိုင်ငံခြားသားရင်းနှီးမြုပ်နှံမှု  ၁၅ ခု၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၃၁ ခု အားလုံးပေါင်း ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ၄၆ ခုကို အတည်ပြုမိန့်ပေးထားတယ်လို့ သိရပါတယ်။ အများဆုံး ရင်းနှီးမြှုပ်နှံထားတာက စက်မှုကဏ္ဍနဲ့ ဒုတိယအများဆုံးက ဟိုတယ်ခရီးလုပ်ငန်းဖြစ်ပြီး စက်မှုဇုန်တည်ဆောက်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူးရေး၊ လျှပ်စစ်နဲ့ အခြားလုပ်ငန်းတွေ လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။  စည်သူမောင်မောင်
3 years Ago
Up