close

တော်လှန်ရေးရဲဘော်များရိက္ခာအတွက် PRA ခေါင်းဆောင်များကိုယ်တိုင် စပါးစိုက်ပျိုးနေ

မကွေးတိုင်းအတွင်းမှာအခြေစိုက်တဲ့   ပြည်သူ့တော်လှန်ရေး တပ်မတော် - People Revolution Army က ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်က စတင်ပြီး စက်တင်ဘာ ၁၅ ရက်အထိ PRA တပ်ဖွဲ့ ခေါင်းဆောင်တွေကိုယ်တိုင် စပါးစိုက်ပျိုးနေပါတယ်။

အခု PRA တပ်ဖွဲ့ စိုက်ပျိုးနေတဲ့ လယ်ယာမြေတွေ ကို‌ဒေသခံတောင်သူတွေဆီကနေ မြေငှားပြီး စိုက်ပျိုးတာဖြစ်ပြီး PRA တပ်မတော်အတွက် ဆန်ဝယ်ရသက်သာနိုင်စေဖို့နဲ့ တော်လှန်ရေးရဲဘော်တွေအတွက် ရိက္ခာအဖြစ် အသုံးပြုဖို့ စပါးစိုက်ပျိုးနေတာလို့  ဆိုပါတယ်။

PRA အဖွဲ့ တာဝန်ရှိသူ ဗိုလ်ဂျပန်ကြီးက “လက်ရှိ ၄ ရက်တာအတွင်း ၂ ဧကကျော်ကျော်လောက် စိုက်ပျိုးပြီးပြီလို့ ပြောရမယ်။ အခုစိုက်ပျိုးနေတဲ့ စပါးခင်းတွေက PRA တပ်မတော် တခုလုံးစာတော့ မလုံလောက်ပေမဲ့ အနည်းငယ်တော့ ဆန်ဝယ်ရတာ သက်သာအောင်လို့ အခုလို စိုက်ပျိုးရတာပါဗျ။ တော်လှန်ရေးကလည်း ကြာမြင့်လာပြီဆိုတော့ လှူဒါန်းထောက်ပံ့နေတဲ့ မိဘပြည်သူတွေကိုလည်း သနားမိတယ်။ အဲဒါကြောင့် နည်းနည်းလေး တထောင့်တနေရာကနေ အဖြည့်အစွက်လေးရရ ကျနော်တို့ ခေါင်းဆောင်တွေကိုယ်တိုင် ပါဝင်စိုက်ပျိုးနေတာပါ။ တခြား ဟင်းချက်စရာ၊ ဆီ စတဲ့အသီးအနှံ အပင်တွေလည်း စိုက်ပျိုးဖို့ရာ အစီအစဉ်တွေတော့ရှိတယ်။ တိုက်ပွဲမရှိရင် မရှိသလို လုပ်သွားမယ်” လို့ ပြောပါတယ်။

PRA တပ်မတော်အနေနဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်လာရာမှာ တော်လှန်ရေး အစပိုင်းကတည်းက တိုက်ပွဲဝင် တိုက်ခိုက်လာတဲ့ အဖွဲ့တဖွဲ့ဖြစ်ပါတယ်။

လက်ရှိမကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်း နှစ်ခုကြားမှာ‌ ‌ဒေသခံပြည်သူတွေနဲ့ အခြေပြုကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသလို အဖွဲ့ဝင်၊ တပ်ခွဲ၊ တပ်စု အများအပြားရှိတဲ့ အင်အားကြီး တော်လှန်ရေးအဖွဲ့တဖွဲ့လည်း ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up