close

စလိုဗေးနီးယား

close

November 14, 2022

စလိုဗေးနီးယားတွင် ရှေ့နေ နာတာဆာမူဆာ ပထမဆုံးအမျိုးသမီးသမ္မတ ဖြစ်လာ

အလွတ်တန်းရှေ့နေ နာတာဆာ မူဆာဟာ နိုဝင်ဘာ ၁၃ ရက်က စလိုဗေးနီးယားသမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးခေါင်းဆောင် ဖြစ်လာဖို့ရှိနေတယ်လို့ ကနဦး မဲရလဒ်တွေအရ သိရပါတယ်။

ဆန္ဒမဲ  ၉၉ ရာခိုင်နှုန်းကို ရေတွက်ပြီး အခြေခံတဲ့ ရွေးကောက်ပွဲကော်မရှင် အချက်အလက်တွေအရ အသက် ၅၄ နှစ်အရွယ် မူဆာဟာ မဲစုစုပေါင်း ၅၃ ဒသမ ၈၆ ရာခိုင်နှုန်းရရှိ အနိုင်ရခဲ့ပြီး သူ့ပြိုင်ဘက် လက်ယာယိမ်း နိုင်ငံရေးသမားနဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း အန်ဇေလိုဂါကို အနိုင်ယူခဲ့တာပါ။

မဲပေးသူ ၄၉ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ အချက်အလက်တွေက ဆိုပါတယ်။

“အားလုံးအတွက် စစ်မှန်တဲ့ သမ္မတဖြစ်ဖို့ အခြေခံနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူ့အခွင့်အရေး၊ ဒီမိုကရက်တစ် အခွင့်အရေးနဲ့ ဒီမိုကရေစီအတွက် ကျမ အကောင်းဆုံး လုပ်ဆောင်သွားမှာပါ” လို့ မူဆာက အောင်ပွဲခံပြီးနောက် သတင်းထောက်တွေကို ပြောပါတယ်။

သြဇာကြီးတဲ့ ရှေ့နေတဦးဖြစ်လာတဲ့ ရုပ်သံတင်ဆက်သူဟောင်း မူဆာဟာ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လူမှုဖူလုံရေးကိစ္စရပ်တွေအတွက် မဲဆွယ်စည်းရုံးခဲ့ပါတယ်။ သူ့ရဲ့  အောင်ပွဲခံမိန့်ခွန်းမှာ ရာသီဥတုပြောင်းလဲမှု ပြဿနာကိုလည်း ထည့်ပြောခဲ့ပါတယ်။

စလိုဗေးနီးယားနိုင်ငံမှာ သမ္မတရာထူးဟာ အများအားဖြင့် နာမည်ခံအာဏာပိုင်သာ ဖြစ်ပေမဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အကြီးအကဲဖြစ်ပြီး ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး အပါအဝင် ထိပ်တန်းအရာရှိ အများအပြားကိုလည်း အမည်စာရင်း တင်သွင်းပိုင်ခွင့်ရှိပါတယ်။ အဆိုတင်သွင်းမှု အများစုကို လွှတ်တော်က အတည်ပြုရမှာ ဖြစ်ပါတယ်။

11 mins Ago

March 16, 2022

ချက်၊ ပိုလန်နှင့် စလိုဗေးနီးယား ဝန်ကြီးချုပ်များ ယူကရိန်းမြို့တော်သို့ ရထားဖြင့်သွားရောက်

ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းသမ္မတ ဗိုလိုဒိုမြာ ဇလန်းစကီးကို အဆင့်မြင့် ကျောထောက်နောက်ခံ ပေးကြောင်း ပြသတဲ့အနေနဲ့ ချက်သမ္မတနိုင်ငံ၊ ပိုလန်နိုင်ငံနဲ့ စလိုဗေးနီးယားနိုင်ငံတွေက ဝန်ကြီးချုပ်တွေ ယူကရိန်းနိုင်ငံ မြို့တော် ကိယက်ဗ်ကို မတ်လ ၁၅ ရက်က ရောက်လာပါတယ်။

ရထားနဲ့ရောက်လာတဲ့ ဝန်ကြီးချုပ် ၃ ယောက်ဟာ အရင်လက ရုရှားက ယူကရိန်းကို ကျူးကျော်ချိန်က စပြီး ခုထိ ယူကရိန်းမြို့တော်ကို ရောက်လာတဲ့ ပထမဆုံး နိုင်ငံခြား ခေါင်းဆောင်တွေလည်း ဖြစ်ပါတယ်။

ယူကရိန်းသမ္မတဟာ ပိုလန်နဲ့ ချက် ဝန်ကြီးချုပ်တို့နဲ့ စကားပြောရာမှာ ယူကရိန်းဘာသာနဲ့ရော အင်္ဂလိပ်ဘာသာနဲ့ပါ ပြောဆိုခဲ့တဲ့ ရုပ်သံကို ယူကရိန်းသမ္မတရုံးက ထုတ်လွှင့်ခဲ့ပါတယ်။

ပိုလန်ဝန်ကြီးချုပ် မာတဲဥစ် မိုရာဝစ်စကီ၊ ချက်ဝန်ကြီးချုပ် ပစ်တာ ဖီအာလာနဲ့ စလိုဗေးနီးယား ဝန်ကြီးချုပ် ယန်းနက် ယန်းဆာ တို့ဟာ ယူကရိန်း အရာရှိတွေနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ သူတို့နဲ့အတူ ပိုလန် ဒုဝန်ကြီးချုပ်လည်းဖြစ်၊ လက်ရှိ အာဏာရပါတီ ခေါင်းဆောင်နဲ့ ပိုလန်ရဲ့ အဓိက ဆုံးဖြတ်ချ ချမှတ်သူအဖြစ် ရှုမြင်ခံရသူ ယာရော့စွက်စ် ကက်ဇင်စကီလည်း အစည်းအဝေးကို တက်ရောက်ပါတယ်။

ကွန်မြူနစ်နိုင်ငံတွေ ဖြစ်ဖူးတဲ့ ချက်နဲ့ ပိုလန် ၂ နိုင်ငံလုံးဟာ ဥရောပသမဂ္ဂနဲ့ နေတိုးအဖွဲ့ဝင် နိုင်ငံတွေ ဖြစ်ပါတယ်။ သူတို့ဟာ ရုရှားကျူးကျော်စစ် စတည်းက ခုထိ ဥရောပမှာ ယူကရိန်းဘက်က အားအကောင်းဆုံး ကျောထောက်နောက်ခံ ပေးသူတွေ ဖြစ်လာပါတယ်။

ယူကရိန်းဝန်ကြီးချုပ် ဒဲနစ်စ် ရှမွေဟယ်ကတော့ မိတ်ဆွေစစ်ရဲ့ သတ္တိလို့ ကောင်းချီးပေး ပြောဆိုပါတယ်။

ခေါင်းဆောင်တွေဟာ ယူကရိန်းအတွက် အထောက်အပံ့နဲ့ နောက်ထပ် ဒဏ်ခတ်မှုတွေ အတွက် ဆွေးနွေးကြမယ်လို့လည်း သူက ပြောပါတယ်။

ပိုလန်ဝန်ကြီးချုပ်နဲ့ ဒုဝန်ကြီးချုပ်တို့ ၂ ယောက်ဟာ ကိယက်ဗ်မြို့တော် အာဏာပိုင်တွေနဲ့လည်း တွေ့ဖို့ သွားခဲ့တယ်လို့ ပိုလန်အစိုးရရုပ်သံ TVP Info က ကြေညာပါတယ်။

ဝန်ကြီးချုပ် ၃ ယောက်ရဲ့ အလည်အပတ် ခရီးစဉ်ဟာ ဥရောပကောင်စီ ဥက္ကဋ္ဌ ချားလ်စ် မီရှဲလ်နဲ့ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်တို့နဲ့ ညှိနှိုင်းဆုံးဖြတ်ခဲ့တာလို့ ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

8 months Ago
Up