close

စလိုဗေးနီးယားတွင် ရှေ့နေ နာတာဆာမူဆာ ပထမဆုံးအမျိုးသမီးသမ္မတ ဖြစ်လာ

အလွတ်တန်းရှေ့နေ နာတာဆာ မူဆာဟာ နိုဝင်ဘာ ၁၃ ရက်က စလိုဗေးနီးယားသမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးခေါင်းဆောင် ဖြစ်လာဖို့ရှိနေတယ်လို့ ကနဦး မဲရလဒ်တွေအရ သိရပါတယ်။

ဆန္ဒမဲ  ၉၉ ရာခိုင်နှုန်းကို ရေတွက်ပြီး အခြေခံတဲ့ ရွေးကောက်ပွဲကော်မရှင် အချက်အလက်တွေအရ အသက် ၅၄ နှစ်အရွယ် မူဆာဟာ မဲစုစုပေါင်း ၅၃ ဒသမ ၈၆ ရာခိုင်နှုန်းရရှိ အနိုင်ရခဲ့ပြီး သူ့ပြိုင်ဘက် လက်ယာယိမ်း နိုင်ငံရေးသမားနဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း အန်ဇေလိုဂါကို အနိုင်ယူခဲ့တာပါ။

မဲပေးသူ ၄၉ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ အချက်အလက်တွေက ဆိုပါတယ်။

“အားလုံးအတွက် စစ်မှန်တဲ့ သမ္မတဖြစ်ဖို့ အခြေခံနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူ့အခွင့်အရေး၊ ဒီမိုကရက်တစ် အခွင့်အရေးနဲ့ ဒီမိုကရေစီအတွက် ကျမ အကောင်းဆုံး လုပ်ဆောင်သွားမှာပါ” လို့ မူဆာက အောင်ပွဲခံပြီးနောက် သတင်းထောက်တွေကို ပြောပါတယ်။

သြဇာကြီးတဲ့ ရှေ့နေတဦးဖြစ်လာတဲ့ ရုပ်သံတင်ဆက်သူဟောင်း မူဆာဟာ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လူမှုဖူလုံရေးကိစ္စရပ်တွေအတွက် မဲဆွယ်စည်းရုံးခဲ့ပါတယ်။ သူ့ရဲ့  အောင်ပွဲခံမိန့်ခွန်းမှာ ရာသီဥတုပြောင်းလဲမှု ပြဿနာကိုလည်း ထည့်ပြောခဲ့ပါတယ်။

စလိုဗေးနီးယားနိုင်ငံမှာ သမ္မတရာထူးဟာ အများအားဖြင့် နာမည်ခံအာဏာပိုင်သာ ဖြစ်ပေမဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အကြီးအကဲဖြစ်ပြီး ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး အပါအဝင် ထိပ်တန်းအရာရှိ အများအပြားကိုလည်း အမည်စာရင်း တင်သွင်းပိုင်ခွင့်ရှိပါတယ်။ အဆိုတင်သွင်းမှု အများစုကို လွှတ်တော်က အတည်ပြုရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up