အင်းစိန်အကျဉ်းထောင်မှာ အပြစ်မရှိဘဲ ဖမ်းဆီးခံနေရသူတွေထဲက စာရေးဆရာမောင်သာချိုနဲ့ စာရေးဆရာထင်လင်းဦးတို့ကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၃ နှစ်စီ ချလိုက်ပြီလို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအဖွဲ့ရဲ့ ရှေ့နေတယောက်ထံက သိရပါတယ်။
စာရေးဆရာ နှစ်ယောက်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုပြီး ဒီနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ အင်းစိန်ထောင်တွင်းရှိ မြောက်ဥက္ကလာပ အထူးတရားရုံးကနေ ထောင်ဒဏ် ၃ နှစ်စီ ချလိုက်တာဖြစ်ပါတယ်။
သူတို့နဲ့ နီးစပ်တဲ့ တရားလွှတ်တော်ရှေ့နေတဦးက “စာရေးဆရာထင်လင်းဦးက ကျန်းမာရေးအနည်းငယ်ကောင်းမွန်တယ်ဆိုပေမဲ့ အနည်းငယ်ချူချာတယ်။ သူတို့က ထောင်ထဲမှာ တနှစ်လောက် အချုပ်နဲ့ နေခဲ့ရတာကြောင့် အဲဒီနေ့တွေအတွက် လျှော့ရက်တော့ ခံစားရမှာပါ။ ဆရာမောင်သာချိုကတော့ သူတို့တိုက်ရိုက်လိုက်တာ မဟုတ်တော့ ကျန်းမာရေး အခြေအနေကို သိပ်မသိပါဘူး”လို့ ပြောပါတယ်။
စစ်ကောင်စီဟာ အာဏာစသိမ်းကတည်းက ထင်ရှားတဲ့ စာရေးဆရာတွေ၊ အနုညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့အကြီးအကဲတွေကို ဘာအပြစ်မှ ကျူးလွန်ခြင်းမရှိဘဲ ဥပဒေမဲ့ဖမ်းဆီးထားပြီး အခုလို တနှစ်ကျော်ကြာချိန်မှာ ပုဒ်မအမျိုးမျိုးနဲ့ ထောင်ဒဏ်တွေ ချမှတ်နေတာ ဖြစ်ပါတယ်။