close

စာရေးဆရာမောင်သာချိုနှင့် စာရေးဆရာထင်လင်းဦးတို့ကို ထောင်ဒဏ်အသီးသီးချမှတ်

အင်းစိန်အကျဉ်းထောင်မှာ အပြစ်မရှိဘဲ ဖမ်းဆီးခံနေရသူတွေထဲက စာရေးဆရာထင်လင်းဦးကို ထောင်ဒဏ် ၃ နှစ်နဲ့  စာရေးဆရာမောင်သာချိုကို ထောင်ဒဏ် ၂ နှစ်  စစ်ကောင်စီတရားရုံးက   ချမှတ်လိုက်ပြီလို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအဖွဲ့ရဲ့ ရှေ့နေတယောက်ထံက သိရပါတယ်။

စာရေးဆရာထင်လင်းဦးကို   စစ်ကောင်စီက ပုဒ်မ (၅၀၅-က) နဲ့ တရားစွဲဆိုခဲ့ပြီး စာရေးဆရာ မောင်သာချိုကိုတော့ ပုဒ်မ ၅၀၅ (က)နဲ့  တရားစွဲဆိုကာ  ဒီနေ့ ဖေဖော်ဝါရီ  ၂၂ ရက်နေ့မှာ အင်းစိန်ထောင်တွင်းရှိ မြောက်ဥက္ကလာပ အထူးတရားရုံးကနေ ထောင်ဒဏ် အသီးသီး ချလိုက်တာဖြစ်ပါတယ်။

သူတို့နဲ့ နီးစပ်တဲ့ တရားလွှတ်တော်ရှေ့နေတဦးက “စာရေးဆရာထင်လင်းဦးက ကျန်းမာရေးအနည်းငယ်ကောင်းမွန်တယ်ဆိုပေမဲ့ အနည်းငယ်ချူချာတယ်။ သူတို့က ထောင်ထဲမှာ တနှစ်လောက် အချုပ်နဲ့ နေခဲ့ရတာကြောင့် အဲဒီနေ့တွေအတွက် လျှော့ရက်တော့ ခံစားရမှာပါ။ ဆရာမောင်သာချိုကတော့ သူတို့တိုက်ရိုက်လိုက်တာ မဟုတ်တော့ ကျန်းမာရေး အခြေအနေကို သိပ်မသိပါဘူး”လို့ ပြောပါတယ်။ 

ဖမ်းဆီးခံနေရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမြအေးကိုလည်း ဒီနေ့ အမိန့်ချမယ်လို့ သတင်းထွက်နေပေမဲ့ အခုထိတော့ အခြေအနေမသိရသေးပါဘူး။

စစ်ကောင်စီဟာ အာဏာစသိမ်းကတည်းက ထင်ရှားတဲ့ စာရေးဆရာတွေ၊ အနုညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့အကြီးအကဲတွေကို  ဘာအပြစ်မှ ကျူးလွန်ခြင်းမရှိဘဲ ဥပဒေမဲ့ဖမ်းဆီးထားပြီး အခုလို တနှစ်ကျော်ကြာချိန်မှာ ပုဒ်မအမျိုးမျိုးနဲ့ ထောင်ဒဏ်တွေ ချမှတ်နေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up