close

စာအိတ်ဗုံး

close

December 2, 2022

စပိန်ရှိ ယူကရိန်းသံရုံးနှင့် လက်နက်ကုမ္ပဏီတို့ စာအိတ်ဗုံးလက်ခံရရှိ

စပိန်နိုင်ငံ မက်ဒရစ်မြို့တော်က ယူကရိန်းသံအမတ်ဆီ ပေးပို့တဲ့ စာအိတ် ဗုံးနှစ်လုံးနဲ့ ယူကရိန်း အစိုးရဆီ ဒုံးကျည်လောင်ချာတွေ လှူဒါန်းတဲ့ တခြားလက်နက်ကုမ္ပဏီ တစ်ခုဆီ ပေးပို့တဲ့ စာအိတ်ဗုံးတို့ကြား ဖြစ်နိုင်ခြေရှိတဲ့ ဆက်စပ်မှုကို စပိန်ရဲတပ်ဖွဲ့က စစ်ဆေးနေပါတယ်။

ပထမဖြစ်ရပ်မှာ မက်ဒရစ်မြို့က ယူကရိန်း သံအမတ်ကြီးဆီ ပေးပို့တဲ့ စာအိတ် ဗုံးတစ်လုံးကို ဖွင့်လိုက်မိလို့ ယူကရိန်းသံရုံးမှာ အရာရှိတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒါကြောင့် ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒမစ်ထရို ခူလေဘာက နိုင်ငံရပ်ခြားမှာရှိတဲ့ သံရုံးတွေအားလုံးမှာ လုံခြုံရေးကို ပိုတင်းကျပ်ဖို့ အမိန့်ပေးခဲ့ပြီး တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးဖို့ စပိန်အစိုးရကို တိုက်တွန်းခဲ့တယ်လို့ ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

ပုံမှန်မေးလ်နဲ့ ရောက်လာပြီး စကင်န်မဖတ်ရသေးတဲ့ စာတစ်စောင်ကို သံရုံးဝင်းထဲမှာ အရာရှိက ဖွင့်လိုက် ချိန်မှာ လက်တစ်ချောင်းမှာ အလွန်သေးတဲ့ ဒဏ်ရာတစ်ခု ရခဲ့တယ်လို့ စပိန်အစိုးရအရာရှိ မက်ဆေးဒက်ဇ် ဂွန်ဇာလက်ဇ်က တယ်လီမက်ဒရစ် ရုပ်သံကို ပြောပါတယ်။

နာရီပိုင်းအကြာမှာ စပိန်နိုင်ငံ အရှေ့မြောက်ပိုင်း ဇာရာဂိုဇာမြို့မှာရှိတဲ့ လက်နက် ကုမ္ပဏီတစ်ခုလည်း အလားတူ အထုပ်တစ်ထုပ်ကို ရခဲ့တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။ စာအိတ် နှစ်ခုလုံးရဲ့ နောက်ကျောမှာ ရေးထားတဲ့ အီးမေးလ်လိပ်စာက တူနေလို့ ပေးပို့သူ တူတူဖြစ်ပုံရတယ်လို့ ဇာရာဂိုဇာ မြို့ အစိုးရ ကိုယ်စားလှယ် ရိုဆာဆာရာနိုက SER ရုပ်သံနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

အထုပ်အပိုးတွေက ယူကရိန်းကနေ လာတာလို့ ဆာရာနိုက ပြောပါတယ်။ လက်နက်ကုမ္ပဏီဟာ စပိန်ကနေ ယူကရိန်းကို လှူဒါန်းတဲ့ C90 ဒုံးပျံလောင်ချာတွေ ထုတ်လုပ်တဲ့ အင်စတာလာဇာ ကုမ္ပဏီ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ယူကရိန်းအစိုးရက ချက်ချင်းမတုံ့ပြန် သေးပါဘူး။ 

စပိန်လုံခြုံရေးတပ်ဖွဲ့တွေဟာ မက်ဒရစ်မြို့အပြင်ဘက်ရှိ တော်ရယ်ဟိုဒယ်အာရ်ဒို လေတပ်အခြေစိုက်စခန်းမှာ တည်ရှိတဲ့ ဥရောပသမဂ္ဂ ဂြိုလ်တုစင်တာဆီ ပေးပို့တဲ့ စာအိတ်ထဲမှာ ဝှက်ထားတဲ့ ၄ ခုမြောက် မသင်္ကာစရာ ဖောက်ခွဲရေးပစ္စည်းတခုကို တွေ့ရှိခဲ့ကြောင်းလည်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

2 hours Ago

December 1, 2022

စပိန်ရှိ ယူကရိန်းသံရုံးတွင် စာအိတ်ဗုံးပေါက်ကွဲပြီး ၁ ဦးဒဏ်ရာရ

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ယူကရိန်းသံရုံးက လုံခြုံရေးအရာရှိတဦးဟာ နိုဝင်ဘာ ၃၀ ရက်က သံအမတ်ဆီ လိပ်မူထားတဲ့ စာတစောင်ကို ဖွင့်ဖောက်လိုက်ချိန်မှာ ပေါက်ကွဲမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း စပိန်ရဲတပ်ဖွဲ့က ပြောပါတယ်။

သာမန် စာပို့နဲ့ရောက်ရှိလာပြီး စကင်န်မဖတ်ရသေးတဲ့စာဟာ သံအမတ်ကြီး ဆာဟီး ပိုဟိုရဲလ်ဆဗ်ဆီ လိပ်မူထားတာဖြစ်ပြီး လုံခြုံရေးအရာရှိက သံရုံးရဲ့ ပန်းခြံထဲမှာ စာကိုဖွင့်ဖောက်လိုက်ပြီးနောက် ပေါက်ကွဲမှုဖြစ်ပြီး သူ့ရဲ့လက်သူကြွယ်မှာ ဒဏ်ရာအနည်းငယ် ရခဲ့တယ်လို့ စပိန်အစိုးရအရာရှိ မာစီဒီးစ် ဂွန်ဇာလက်ဇ်က တယ်လီမက်ဒရစ် ရုပ်သံသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဒဏ်ရာအနည်းငယ်ပဲ ရရှိခဲ့တဲ့ ဝန်ထမ်းဟာ ကုသမှုခံယူဖို့ ဆေးရုံကို သူ့ဘာသာ သွားရောက်ခဲ့ကြောင်း ဂွန်ဇာလက်ဇ်က ဆိုပါတယ်။

ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး သံရုံးအရာရှိတဦးကတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

စပိန်အစိုးရပိုင် ကော်ရီယိုစ် စာတိုက်ကုမ္ပဏီဟာ စာရဲ့ဇာစ်မြစ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း မတုံ့ပြန်ခဲ့ပါဘူး။

ဒီဖြစ်ရပ်အပြီးမှာ ကိယက်ဗ်အစိုးရက နိုင်ငံရပ်ခြားရှိ သံရုံးကိုယ်စားလှယ်ရုံးတွေ အားလုံးမှာ လုံခြုံရေးတိုးမြှင့်ဖို့ ညွှန်ကြားခဲ့ကြောင်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။

ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလေဘာက ဒီတိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးဖို့အတွက် အရေးပေါ်အစီအမံတွေ ပြုလုပ်ဖို့ တိုက်တွန်းခဲ့ကြောင်းလည်း ဆိုပါတယ်။

အခင်းဖြစ်ပွားပြီးနောက်မှာ စပိန်ပြည်ထဲရေးဝန်ကြီး ဖာနန်ဒို ဂရန်ဒီ မာလာစကာက ဒဏ်ရာအသေးစားလေးပဲဖြစ်တာကြောင့် တော်သေးတယ်လို့ လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

စုံထောက်တွေဟာ မှုခင်းဆေးပညာနဲ့ ထောက်လှမ်းရေး စုံစမ်းရေးမှူးတွေရဲ့ အကူအညီနဲ့ အဖြစ်အပျက်ကို စုံစမ်းစစ်ဆေးနေကြောင်း စပိန်ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုကို စပိန်တရားရုံးချုပ်က ဦးဆောင်မှာဖြစ်ပါတယ်။

မက်ဒရစ်အနောက်မြောက်ပိုင်းက သံရုံးအနီးရှိ လူနေရပ်ကွက်ကို ပိတ်ဆို့ထားပြီး ဗုံးရှင်းလင်းရေးတပ်ဖွဲ့ကို အခင်းဖြစ်ပွားရာနေရာမှာ ဖြန့်ကြက်ချထားခဲ့ပါတယ်။

21 hours Ago
Up