စပိန်ရှိ ယူကရိန်းသံရုံးတွင် စာအိတ်ဗုံးပေါက်ကွဲပြီး ၁ ဦးဒဏ်ရာရ

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ယူကရိန်းသံရုံးက လုံခြုံရေးအရာရှိတဦးဟာ နိုဝင်ဘာ ၃၀ ရက်က သံအမတ်ဆီ လိပ်မူထားတဲ့ စာတစောင်ကို ဖွင့်ဖောက်လိုက်ချိန်မှာ ပေါက်ကွဲမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း စပိန်ရဲတပ်ဖွဲ့က ပြောပါတယ်။
သာမန် စာပို့နဲ့ရောက်ရှိလာပြီး စကင်န်မဖတ်ရသေးတဲ့စာဟာ သံအမတ်ကြီး ဆာဟီး ပိုဟိုရဲလ်ဆဗ်ဆီ လိပ်မူထားတာဖြစ်ပြီး လုံခြုံရေးအရာရှိက သံရုံးရဲ့ ပန်းခြံထဲမှာ စာကိုဖွင့်ဖောက်လိုက်ပြီးနောက် ပေါက်ကွဲမှုဖြစ်ပြီး သူ့ရဲ့လက်သူကြွယ်မှာ ဒဏ်ရာအနည်းငယ် ရခဲ့တယ်လို့ စပိန်အစိုးရအရာရှိ မာစီဒီးစ် ဂွန်ဇာလက်ဇ်က တယ်လီမက်ဒရစ် ရုပ်သံသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ဒဏ်ရာအနည်းငယ်ပဲ ရရှိခဲ့တဲ့ ဝန်ထမ်းဟာ ကုသမှုခံယူဖို့ ဆေးရုံကို သူ့ဘာသာ သွားရောက်ခဲ့ကြောင်း ဂွန်ဇာလက်ဇ်က ဆိုပါတယ်။
ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး သံရုံးအရာရှိတဦးကတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
စပိန်အစိုးရပိုင် ကော်ရီယိုစ် စာတိုက်ကုမ္ပဏီဟာ စာရဲ့ဇာစ်မြစ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း မတုံ့ပြန်ခဲ့ပါဘူး။
ဒီဖြစ်ရပ်အပြီးမှာ ကိယက်ဗ်အစိုးရက နိုင်ငံရပ်ခြားရှိ သံရုံးကိုယ်စားလှယ်ရုံးတွေ အားလုံးမှာ လုံခြုံရေးတိုးမြှင့်ဖို့ ညွှန်ကြားခဲ့ကြောင်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။
ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလေဘာက ဒီတိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးဖို့အတွက် အရေးပေါ်အစီအမံတွေ ပြုလုပ်ဖို့ တိုက်တွန်းခဲ့ကြောင်းလည်း ဆိုပါတယ်။
အခင်းဖြစ်ပွားပြီးနောက်မှာ စပိန်ပြည်ထဲရေးဝန်ကြီး ဖာနန်ဒို ဂရန်ဒီ မာလာစကာက ဒဏ်ရာအသေးစားလေးပဲဖြစ်တာကြောင့် တော်သေးတယ်လို့ လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
စုံထောက်တွေဟာ မှုခင်းဆေးပညာနဲ့ ထောက်လှမ်းရေး စုံစမ်းရေးမှူးတွေရဲ့ အကူအညီနဲ့ အဖြစ်အပျက်ကို စုံစမ်းစစ်ဆေးနေကြောင်း စပိန်ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုကို စပိန်တရားရုံးချုပ်က ဦးဆောင်မှာဖြစ်ပါတယ်။
မက်ဒရစ်အနောက်မြောက်ပိုင်းက သံရုံးအနီးရှိ လူနေရပ်ကွက်ကို ပိတ်ဆို့ထားပြီး ဗုံးရှင်းလင်းရေးတပ်ဖွဲ့ကို အခင်းဖြစ်ပွားရာနေရာမှာ ဖြန့်ကြက်ချထားခဲ့ပါတယ်။