ကမ္ဘာ့လူဦးရေ တိုးပွားလာမှုကြောင့် အချိန်တိုအတွင်း ပြင်းထန်တဲ့ စားနပ်ရိက္ခာ မလုံခြုံမှုနဲ့ ကြီးကြီးမားမား ရင်ဆိုင်နေရပြီလို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) မှ ဘောဂဗေဒပညာရှင်တဦးက သတိပေးခဲ့ပါတယ်။
FAO ရဲ့ စီးပွားရေးပညာရှင် မက်ဆီမို တိုရေရိုက ကမ္ဘာလုံးဆိုင်ရာ လက်ရှိ စားနပ်ရိက္ခာ အကျပ်အတည်းရဲ့ အကြောင်းရင်းနဲ့ အကျိုးဆက်တွေကို နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗွီဒီယိုကတဆင့် ဖော်ပြခဲ့တာပါ။
ကုလသမဂ္ဂနဲ့ အီးယူတို့က ထူထောင်ထားတဲ့ နိုင်ငံတကာမဟာမိတ်အဖွဲ့တခုက မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်း ၂၀၂၃ အစီရင်ခံစာအရ မနှစ်က လူပေါင်း ၂၅၈ သန်းလောက်ဟာ အရေးပေါ် စားနပ်ရိက္ခာအကူအညီ လိုအပ်ခဲ့ပြီး အရင်နှစ်က လိုအပ်သူဦးရေ ၁၉၃ သန်းထက် ပိုများလာတယ်လို့ ကောက်ချက်ချခဲ့ပါတယ်။
“အခုဆိုရင် လူဦးရေဟာ ပြင်းအားသာမကဘဲ ပျံ့နှံ့မှုမှာလည်း ပြင်းထန်တဲ့ စားနပ်ရိက္ခာ မလုံခြုံမှုကို မြင့်မြင့်မားမား ရင်ဆိုင်နေရပါတယ်။ ပြင်းအားအရ အကြီးဆုံး စားနပ်ရိက္ခာ အကျပ်အတည်း ၁၀ နိုင်ငံကိုကြည့်ရင် ပထမနိုင်ငံကတော့ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ DRC ဖြစ်လာမှာပါ။ ဒုတိယနိုင်ငံကတော့ အီသီယိုးပီးယား၊ အဲဒီနောက် အာဖဂန်နစ္စတန်၊ နိုင်ဂျီးရီးယား၊ ယီမင်၊ မြန်မာ၊ ဆီးရီးယား အာရပ်သမ္မတနိုင်ငံ၊ ဆူဒန်၊ ယူကရိန်းနဲ့ ပါကစ္စတန်တို့ ဖြစ်လိမ့်မယ်”လို့ တိုရီရိုက ပြောခဲ့ပါတယ်။
ဘောဂဗေဒပညာရှင်ရဲ့ အဆိုအရ စားနပ်ရိက္ခာ အကျပ်အတည်းဒဏ် ခံရတဲ့ နိုင်ငံပေါင်း ၂၅ နိုင်ငံမှာ လူပေါင်း ၅၃ သန်းကျော် ပြည်တွင်း အိုးအိမ်စွန့်ခွာခဲ့ရပြီး ကမ္ဘာတဝန်းရှိ လူ ၁၉ သန်းကျော်ဟာ စားနပ်ရိက္ခာ အကျပ်အတည်းဒဏ်ခံရတဲ့ နိုင်ငံ ၅၅ နိုင်ငံမှာ ဒုက္ခသည်တွေ ဒါမှမဟုတ် ခိုလှုံခွင့် ရှာဖွေသူတွေ ဖြစ်လာခဲ့ကြပါတယ်။
အနောက်အာဖရိကနဲ့ ဗဟိုအာဖရိကရှိ လူပေါင်း ၄၈ သန်းဟာ ၁၀ နှစ်ကြာ မြင့်မားလာတဲ့ မလုံခြုံမှု၊ ရာသီဥတုဖောက်ပြန်မှု၊ ကိုဗစ်-၁၉ နဲ့ ဈေးးနှုန်းကြီးမြင့်မှုတို့ကြောင့် စားနပ်ရိက္ခာ မဖူလုံမှုကို ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှု အေဂျင်စီတွေက ဧပြီ ၁၈ ရက်မှာ သတိပေးခဲ့ပါတယ်။
အနောက်နဲ့ အလယ်ပိုင်း အာဖရိကတို့ဟာ မြင့်မားတဲ့ အပူချိန်နဲ့ အပြောင်းအလဲမြန်တဲ့ မိုးရွာသွန်းမှုတို့ကြောင့် အန္တရာယ်တွေ တိုးလာနေတာာဖြစ်ပြီး ယူကရိန်းစစ်ပွဲကြောင့်လည်း ကမ္ဘာ့အဆင်းရဲဆုံးဒေသတွေမှာ စားနပ်ရိက္ခာနဲ့ ဓာတ်မြေသြဇာ ပြတ်လပ်ခဲ့ပါတယ်။
နိုင်ငံတော်ဈေးကွက်ကနေ တင်သွင်းရမယ့် တန်ချိန် ၂၁ သန်းဟာ သယ်ယူပို့ဆောင်စရိတ်နဲ့ လောင်စာဆီ ကုန်ကျစရိတ် မြင့်တက်တဲ့ အချက်နှစ်ချက်ကြောင့် ထိခိုက်မှာပါလို့ အနောက်အာဖရိကအတွက် စားနပ်ရိက္ခာ အစီအစဉ်ရဲ့ သုတေသန၊ အကဲဖြတ်မှုနှင့် စောင့်ကြည့်ရေး အကြံပေးအရာရှိ အိုလို ဆစ်ဘ်က ပြောပါတယ်။
ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က တင်ပြတဲ့ ဒေသဆိုင်ရာ စားနပ်ရိက္ခာဖူလုံမှု ဆန်းစစ်ချက်အရ ဘေးကင်းပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေကို ပုံမှန်လက်လှမ်းမမီတဲ့ လူဦးရေဟာ ဇွန်လမှ သြဂုတ်လအတွင်း ၄၈ သန်းအထိ ရှိလာမယ်လို့ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) နဲ့ ကလေးသူငယ်များဆိုင်ရာ အေဂျင်စီ UNICEF တို့ က ပြောထားပါတယ်။