close

စားနပ်ရိက္ခာအကျပ်အတည်း ကြုံနေရသည့် ကမ္ဘာ့နိုင်ငံများတွင် မြန်မာ ပါဝင်

ကမ္ဘာ့လူဦးရေ တိုးပွားလာမှုကြောင့် အချိန်တိုအတွင်း ပြင်းထန်တဲ့ စားနပ်ရိက္ခာ မလုံခြုံမှုနဲ့ ကြီးကြီးမားမား ရင်ဆိုင်နေရပြီလို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) မှ ဘောဂဗေဒပညာရှင်တဦးက သတိပေးခဲ့ပါတယ်။

FAO ရဲ့ စီးပွားရေးပညာရှင် မက်ဆီမို တိုရေရိုက ကမ္ဘာလုံးဆိုင်ရာ လက်ရှိ စားနပ်ရိက္ခာ အကျပ်အတည်းရဲ့ အကြောင်းရင်းနဲ့ အကျိုးဆက်တွေကို နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗွီဒီယိုကတဆင့် ဖော်ပြခဲ့တာပါ။

ကုလသမဂ္ဂနဲ့ အီးယူတို့က ထူထောင်ထားတဲ့ နိုင်ငံတကာမဟာမိတ်အဖွဲ့တခုက မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်း ၂၀၂၃ အစီရင်ခံစာအရ မနှစ်က လူပေါင်း ၂၅၈ သန်းလောက်ဟာ အရေးပေါ် စားနပ်ရိက္ခာအကူအညီ လိုအပ်ခဲ့ပြီး အရင်နှစ်က လိုအပ်သူဦးရေ ၁၉၃ သန်းထက် ပိုများလာတယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

“အခုဆိုရင် လူဦးရေဟာ ပြင်းအားသာမကဘဲ ပျံ့နှံ့မှုမှာလည်း ပြင်းထန်တဲ့ စားနပ်ရိက္ခာ မလုံခြုံမှုကို မြင့်မြင့်မားမား ရင်ဆိုင်နေရပါတယ်။ ပြင်းအားအရ အကြီးဆုံး စားနပ်ရိက္ခာ အကျပ်အတည်း ၁၀ နိုင်ငံကိုကြည့်ရင် ပထမနိုင်ငံကတော့ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ DRC ဖြစ်လာမှာပါ။ ဒုတိယနိုင်ငံကတော့ အီသီယိုးပီးယား၊ အဲဒီနောက် အာဖဂန်နစ္စတန်၊ နိုင်ဂျီးရီးယား၊ ယီမင်၊ မြန်မာ၊ ဆီးရီးယား အာရပ်သမ္မတနိုင်ငံ၊ ဆူဒန်၊ ယူကရိန်းနဲ့ ပါကစ္စတန်တို့ ဖြစ်လိမ့်မယ်”လို့ တိုရီရိုက ပြောခဲ့ပါတယ်။

ဘောဂဗေဒပညာရှင်ရဲ့ အဆိုအရ စားနပ်ရိက္ခာ အကျပ်အတည်းဒဏ် ခံရတဲ့ နိုင်ငံပေါင်း ၂၅ နိုင်ငံမှာ လူပေါင်း ၅၃ သန်းကျော် ပြည်တွင်း အိုးအိမ်စွန့်ခွာခဲ့ရပြီး ကမ္ဘာတဝန်းရှိ လူ ၁၉ သန်းကျော်ဟာ စားနပ်ရိက္ခာ အကျပ်အတည်းဒဏ်ခံရတဲ့ နိုင်ငံ ၅၅ နိုင်ငံမှာ ဒုက္ခသည်တွေ ဒါမှမဟုတ် ခိုလှုံခွင့် ရှာဖွေသူတွေ ဖြစ်လာခဲ့ကြပါတယ်။

Up