စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်က လမ်းပိုင်းပိတ်ဆို့ စစ်ဆေးဖမ်းဆီးနေတာကြောင့် စက်သုံးဆီနဲ့ စားသောက်ကုန်အချို့ ပြတ်လပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေဘိုမြို့နယ် အနောက်မြောက်ပိုင်းနဲ့ မြောက်ပိုင်းကျေးရွာအများစု စက်သုံးဆီနဲ့ စားသောက်ကုန်အချို့ ပြတ်လပ်နေတာလို့ ဒေသခံတဦးက ပြောပါတယ်။
“သူတို့က စိုက်ပျိုးရေးသိပ္ပံကျောင်းကနေ ဂိတ်ဖွင့်ပြီး စစ်ဆေး ဖမ်းဆီးတာတွေ လုပ်နေတယ်။ စခတွေက PDF တွေ ထောက်ပံ့တယ်လို့ ယူဆရတဲ့ ကုန်ခြောက်ပစ္စည်းတွေ၊ ဆေးဝါးတွေ၊ စက်သုံးဆီတွေကို အဓိက ဖမ်းဆီးတာဗျ။ စက်သုံးဆီတွေက ဓာတ်ဆီ၊ ဒီဇယ်ဆီတွေပေါ့။ ပြောခြင်တာကဗျာ သူတို့ထင်မြင်ယူဆချက်တခုနဲ့ ဒေသခံတွေ အခက်တွေ့အောင်တော့ မလုပ်စေခြင်ဘူး။ PDF မှ ကုန်ခြောက်ပစ္စည်းစားတာမဟုတ်သလို PDF မှ စက်သုံးဆီသုံးစွဲနေတာ မဟုတ်ဘူးဆိုတာ နာလည်စေခြင်တယ်ဗျ။ အခုလို လုပ်လိုက်တော့ ကျနော်တို့ တောင်သူတွေ လယ်ယာစိုက်ပျိုးရေးမှာ စက်တွေနဲ့လုပ်ရတာ အဆင်မပြေတော့ဘူး။ သွားရေးလာရေးမှာလည်း ဆိုင်ကယ်ရှိ၊ ကားရှိပြီး အိမ်မှာထိုးထားရမဲ့ကိန်း ဖြစ်နေပြီ။ အရေးပေါ်ဖြစ်ရင်တောင် ဒီဇယ်၊ ဓာတ်ဆီမရှိတာနဲ့ အသက်သေရမဲ့ကိန်းပဲ။”
စစ်ကောင်စီတပ်ကတော့ ကုန်ခြောက်နဲ့ စက်သုံးဆီအပြင် စိုက်ပျိုးရေးသုံး မြေဆီနဲ့ ဓာတ်မြေဩဇာတွေပါ ပိတ်ဆို့တားစီးနေတယ်လို့ ရွှေဘိုမြှောက်ခြမ်း ဒေသခံက အခုလို ပြောပါတယ်။
“အစားအသောက်ထက် လယ်ယာသုံးပစ္စည်းတွေ ကန့်သတ်ချုပ်ချယ်ဖမ်းဆီးတာက အဓိကပြဿနာပဲလေ။ ဆီဆိုရင် အခု မူးရေကျချိန်ဆိုတော့ နွေစပါးစိုက်ပျိုးဖို့ရေကို မြောင်းလက်တံထဲကနေ ရေစုပ်စက်နဲ့ရေတင်ရတယ်။ အခုလို ပိတ်ပင်တားဆီးနေတော့ အတော်ကို အခက်တွေ့ရတာပေါ့ဗျာ။ မြေဆီတို့၊ ဓာတ်မြေဩဇာတို့ဆိုရင်လည်း လက်နက်လုပ်ရာမှာ အသုံးပြုတယ်ဆိုပြီး အကုန်ဖမ်းဆီးတယ်။ ကားပေါ်ပါလာရင်လည်း အကုန်ချယူတယ်။ အခုလိုသာ စစ်ကောင်စီကလုပ်နေလို့ကတော့ ပြည်သူတွေ ရေရှည်မှာ အခုငတ်နေတာထက်ပိုပြီး ငတ်လာနိုင်တယ်။”
ဒေသခံပြည်သူတွေကတော့ စစ်ကောင်စီက အခုလိုလုပ်ဆောင်လာနေတာကြောင့် မကျေမနပ်ဖြစ်နေကြပြီး လက်နက်ကိုင်အချင်းချင်းတိုက်ခိုက်တဲ့နေရာမှာ ပြည်သူအပေါ် ဒုက္ခပေး ထိခိုက်မှုမရှိဘဲ တိုက်ခိုက်စေခြင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မြို့သာရပ်ကွက် အဖွဲ့စုံစစ်ဆေးရေးဂိတ်မှာလည်း မတ် ၁၂ ရက်က ဒေသခံ အမျိုးသားတဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူ ဦးကျော်ဇေယျာမျိုးဟာ မြို့သာရပ်ကွက်ကနေ သာစည်ကျေးရွာဘက်ကို သွားစဉ် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံခဲ့ရတာလို့ မိသားစုဝင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“အဖွဲ့စုံဂိတ်မှာ အဖမ်းခံလိုက်ရတာ။ PDF တွေနဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းတာလို့တော့ ပြောတယ်။ ဒကစထဲ ပို့လိုက်တယ်လို့ ကြားတယ်။”
ဦးကျော်ဇေယျာမျိုး ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ လူမှုကွန်ရက်ကတဆင့် PDF တွေနဲ့ အပြန်အလှန် ပြောဆိုဆက်သွယ်ထားတာကို တွေ့ရှိရတာကြောင့် ဖမ်းဆီးခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက်ကလည်း ကလေး PDF တပ်ဖွဲ့ဝင် ကိုမင်းထက်ဟာ နတ်ကြီးကုန်းကျေးရွာ စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပါသေးတယ်။
Mask (နှာခေါင်းစည်း) အပါအ၀င် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူပြုပစ္စည်းတွေ ဆေးဝါးတွေနဲ့ စားသုံးကုန်ပစ္စည်းတွေကို ဈေးနှုန်းမြှင့်တင်ရောင်းချပါက အရေးယူမယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၆ ရက်နေ့မှာ သတိပေးစာထုတ်ပြန်ခဲ့ပါတယ်။
ဒီပစ္စည်းတွေကို ဈေးကွက်အတွင်းမှာ ဈေးနှုန်းမြှင့်တင်ပြီး ရောင်းချတာ၊ ဖြန့်ဖြူးတာ၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်တာတွေ စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ကြေညာချက်မှာပါရှိပါတယ်။
ကိုဗစ်-၁၉ ရောဂါပိုး ပြည်တွင်းကူးစက်မှုတွေ တတိယလှိုင်းအနေနဲ့ ပြန်လည်ဖြစ်ပေါ်နေတာကြောင့် ဈေးကွက်အတွင်း နှာခေါင်းစည်း ဝယ်လိုအား မြင့်တက်လာတဲ့အပေါ် ဈေးနှုန်းမြှင့်တင် ရောင်းချမှုတွေ ရှိလာပါတယ်။
အရင်က ပုံမှန်ဈေးကွက်အတွင်းမှာ နှာခေါင်းစည်း အခု ၅၀ ပါ တစ်ဘူးကို ကျပ် ၁၁၀၀၊ ၁၂၀၀ ဝန်းကျင်မှာ ရောင်းချကြပေမဲ့ ဇွန်လနှောင်းပိုင်းကစတင်ပြီး တစ်ဘူးကို ၁၈၀၀ ကနေ ၃၀၀၀ ကျပ်ထိ ဈေးမြှင့်တင်ရောင်းချလာကြတာပါ။