လူမှုကွန်ရက်အသုံးပြုတာဟာ ဆယ်ကျော်သက်အရွယ်တွေ စိတ်ကျရောဂါနဲ့ စိတ်ပူပင်ခံစားရမှု တွေနဲ့ ဆက်စပ်နေပြီး သက်လတ်ပိုင်းအရွယ်တွေမှာလည်း ဝမ်းနည်းမှုတွေ ခံစားရစေနိုင်တာကို စစ်တမ်းတွေမှာ တွေ့ရှိရတယ်လို့ အမေရိကန် ဆေးပညာဂျာနယ် JAMA Network Open မှာ ဖော်ပြပါတယ်။
ကိုဗစ်ရောဂါကာလအတွင်း ဖြတ်သန်းမှုပုံစံတွေကို ကနဦးရည်ရွယ်ပြုစုခဲ့တဲ့ စစ်တမ်းကို လွန်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် မေလက စတင်ခဲ့ပြီး လူဦးရေ ၅၃၉၅ ယောက်ပါဝင်ဖြေဆိုထားတဲ့ ရလဒ်မှာ ခုလို တွေ့ရှိခဲ့တာပါ။
သုတေသီတွေ တွေ့ရှိခဲ့တဲ့ထဲမှာ အသက်အရွယ်ကွာခြားမှုကြောင့် စိတ်ကျန်းမာရေးကို ထိခိုက်မှု ကွာခြားနေတာလည်း ပါဝင်ပါတယ်။ ဖေ့စ်ဘွတ်ခ် အသုံးပြုသူတွေထဲမှာ အသက် ၃၅ နှစ်အောက်အရွယ်တွေက စိတ်ဓာတ်ကျဆင်းမှုကို ပိုမိုမှတ်တမ်းတင်ခဲ့ကြပါတယ်။
Snapchat နဲ့ TikTok အသုံးပြုသူတွေထဲမှာတော့ အသက် ၃၅ နှစ်အထက်အရွယ်ပိုင်းတွေမှာပိုပြီး စိတ်ကျရောဂါခံစားရတာကို တွေ့ရှိခဲ့ကြရပါတယ်။ ဘယ်လိုအကြောင်းတရားတွေကြောင့် ခုလိုသက်ရောက်မှုတွေဖြစ်ရတယ်ဆိုတာ မသဲကွဲသေးပေမယ့် Snapchat, TikTok တွေမှာ အရုပ်မြင်နိုင်မှု ပိုများပြားတာက အသက်ပိုကြီးတဲ့သူတွေကို မတူညီတဲ့ သက်ရောက်မှုရှိနိုင်တယ်လို့ ပညာရှင်တွေက မှန်းဆကြပါတယ်။
ခုတွေ့ရှိချက်ကို ပိုတိကျအောင် အကဲဖြတ်နိုင်ဖို့ နောက်ထပ် လေ့လာဆန်းစစ်ချက်တွေ လိုအပ်နေသေးပေမယ့် လူမှုကွန်ရက်အသုံးပြုချိန် ဘယ်လောက်ကြာပြီလဲဆိုတာ မိမိဘာသာ သတိပြုမိကြဖို့ ပညာရှင်တွေက တိုက်တွန်းထားပါတယ်။
Image: Creative Commons License
ထိုင်းနိုင်ငံ၊ နခွန်ပထုံခရိုင်တွင်းမှာ သူနာပြုအမျိုးသမီးတယောက်ဟာ ကိုဗစ်-၁၉ ကပ်ဘေးကာလတွင်း စိတ်ကျရောဂါရပြီး ဆေးရုံအထပ်မြင့်ပေါ်ကနေ ခုန်ချသေကြောင်း ကြံခဲ့တယ်လို့ နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။
ဒီအဖြစ်အပျက်ဟာ ဇူလိုင် ၁၉ ရက် မနက်ပိုင်းက ဖြစ်ခဲ့တာဖြစ်ပြီး အသက် ၃၄ နှစ်အရွယ် သေဆုံးသူ အမျိုးသမီးဟာ ဆမ်ဖရန်ခရိုင်၊ မက်တာပရာချာရက်ခ်ဆေးရုံ ၄ ထပ်အခန်း လေသာဆောင်ကနေ ခုန်ချခဲ့တာကို စီစီတီဗီမှတ်တမ်းကတဆင့် စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။
သေဆုံးသူ အမျိုးသမီးမှာ ၃ လသားအရွယ် ရင်သွေးလေး ကျန်နေခဲ့ပြီး သူ့ရဲ့ အဖြူရောင် သူနာပြုရှူးဖိနပ်ကိုတော့ ခုန်ချသေကြောင်းကြံခဲ့တဲ့ နေရာမှာပဲ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ဆေးရုံ ၄ ထပ်ဆောင်ဟာ ကိုဗစ်-၁၉ လူနာတွေ ထားရှိကုသရာ နေရာဖြစ်ပြီး သူ နာပြုအမျိုးသမီးဟာ အဲဒီနေ့က တာဝန်ကျနေခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ ခင်ပွန်းဖြစ်သူနဲ့ လုပ်ဖော်ကိုင်ဖက်တွေကတော့ သူ့မှာ စိတ်ဖိစီးမှုများတဲ့ လက္ခဏာတွေတွေ့ရပြီး သူ့ဆီကတဆင့် ရင်သွေးလေးဆီ ရောဂါကူးမှာကိုလည်း စိုးရိမ်ပူပန် နေခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပြီး သူ့မှာ ဆေးရုံဆေးခန်းနဲ့ဆိုင်တဲ့ လုပ်ငန်းခွင်ဆိုင်ရာ စိတ်ကျရောဂါမျိုး နဂိုကတည်းက ရှိနေခဲ့ပြီး လာမယ့် ဩဂုတ်လထဲမှာ တခြားဌာနကို ပြောင်းရွှေ့ပေးဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ သူ့ရဲ့ ရုပ်အလောင်းကို ဆီရီရတ်ဂျ်ဆေးရုံ၊ မှုခင်းဆေးပညာ သိပ္ပံဆီ ပို့ဆောင်ထားခဲ့ပြီး လိုအပ်တဲ့ ခွဲစိတ်စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။