close

စိန်ရတု လွတ်လပ်ရေးနေ့

close

January 4, 2023

ရမည်းသင်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၅၀ ကျော်အပါအဝင် ၂၀၀ ကျော်ပြန်လွတ်

၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးတဲ့အထဲမှာ ရမည်းသင်းအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၅၀ ကျော်အပါအဝင် အကျဉ်းသား ၂၀၀ ကျော် လွတ်မြောက်ခဲ့တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းကနေ  စုံစမ်းသိရပါတယ်။

နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦးက “ဒီနေ့ ရမည်းသင်းအကျဉ်းထောင်ကနေပြီး အကျဉ်းသား ၂၇၄ ဦး လွတ်တယ်။ အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသားက အမျိုးသား ၄၇ ဦး၊ အမျိုးသမီး ၅ ဦးနဲ့ စုစုပေါင်း ၅၂ ဦးပဲပါတယ်။ လွတ်မယ်လို့ သတင်းထွက်ထားတဲ့ နာမည်ကြီးသူတွေ မပါဘူး” လို့ ပြောပါတယ်။

ရမည်းသင်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ စီမံဘဏ္ဍာ ဒုဝန်ကြီး ဦးဆက်အောင်၊ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုမြို့တော်ဝန် ဦးရဲမင်းဦး၊ နေပြည်တော်ကောင်စီဝင် ဦးမင်းသူနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးအရာရှိ ဦးအောင်နိုင်ဦး၊ ရဲအုပ် ပြည့်ဖြိုးနိုင်၊ ဒုရဲအုပ် ချယ်ရီထက်တို့ကတော့ လွတ်မြောက်တဲ့အထဲမှာ ပါဝင်လာခြင်းမရှိဘူးလို့ သိရပါတယ်။

“NLD နဲ့ ပတ်သက်တဲ့သူတွေထဲကဆို နေပြည်တော် ဥတ္တရသီရိမြို့နယ်က NLD မြို့နယ် အလုပ်အမှုဆောင် ဦးဇော်မင်းနဲ့ ရမည်းသင်းခရိုင် NLD ပါတီ ဥက္ကဋ္ဌဟောင်း ဦးကျော်ကျော်ဦးတို့ပဲ လွတ်တဲ့အထဲမှာပါတယ်။ နောက် ကဗျာဆရာထဲက ပျဉ်းမနားက ဆရာ ကိုမျိုးတေဇာမောင်၊ ကိုချောဘသစ်တို့ ပါတယ်။ အန်တီ့လုံခြုံရေးအဖွဲ့ထဲက ဒုတပ်ကြပ်လား တပ်ကြပ်လားမသိဘူး သဲနုအောင်ဆိုတဲ့ တယောက်လည်း လွတ်တယ် ပြောတယ်”လို့ ထောင်နဲ့ နီးစပ်သူက ပြောပါတယ်။

 ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့မှာ အကျဉ်းသား ၇၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်တဲ့အကြောင်း စစ်ကောင်စီက ကြေညာခဲ့ပါတယ်။

16 hours Ago

ရန်ကုန်တက္ကသိုလ် ပါမောက္ခဒေါက်တာအာကာမိုးသူနှင့် ဗကသ ကျောင်းသားခေါင်းဆောင်အချို့ လွတ်မြောက်

နိုင်ငံရေးအကျဉ်းသား ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းပညာဌာနမှူး ပါမောက္ခ ဒေါက်တာ အာကာမိုးသူဟာ ဇန်နဝါရီ ၄ ရက် ဒီနေ့မနက်ပိုင်းမှာ အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီလို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂဆီကနေ သိရပါတယ်။

၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စစ်ကောင်စီက ဒီကနေ့  အကျဉ်းသား ၇၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့  အကျဉ်းထောင်က ပြန်လွှတ်ပေးရာမှာ ဒေါက်တာ အာကာမိုးသူလည်း ပါဝင်လာတာဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ပါမောက္ခ ဒေါက်တာ အာကာမိုးသူဟာ ၂၀၂၁ ခုနှစ်၊​ မတ်လ အစောပိုင်းက ရန်ကုန်မြို့မှာ ဖမ်းဆီးခံခဲ့ရပြီး အင်းစိန်ထောင်မှာ ၂ နှစ်နီးပါး ဖမ်းဆီးချုပ်နှောင်ခံရပြီးတဲ့နောက် ဒီနေ့မှာ ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။

ဒေါက်တာ အာကာမိုးသူကိုအများပြည်သူအကျိုးကို ပျက်စီးစေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ စစ်ကောင်စီတရားရုံးက ထောင်သုံးနှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

အင်းစိန်ထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့နိုင်ငံရေး အကျဉ်းသားတွေထဲမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ စာရေးဆရာ ထင်လင်းဦးနဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုလည်း ပါဝင်ပါတယ်။ 

ဒါ့အပြင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ရဲ့  အလုပ်အမှုဆောင်အဖွဲ့ဝင် ကိုအောင်ဖုန်းမော်နဲ့ ကိုလေပြေစိုးမိုးတို့လည်း ဒီနေ့ ပြန်လည်လွတ်မြောက်လာတယ်လို့ ဗကသများအဖွဲ့ချုပ် သတင်းနဲ့ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

သူတို့ နှစ်ဦးဟာ ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်က တာမွေမြို့နယ်မှာ GSC သပိတ်စစ်ကြောင်းကို စစ်တပ်က အကြမ်းဖက်ဖြိုခွဲစဉ် ဖမ်းဆီးခံခဲ့ရကာ အကျဉ်းထောင်အတွင်းမှာ ၂ နှစ်နီးပါး အကျဉ်းချခံရတာဖြစ်ပါတယ်။

16 hours Ago

အမျိုးသမီးသတင်းထောက် ၂ ဦးအပါအဝင် သတင်းထောက်အချို့ ပြန်လည်လွတ်မြောက်

စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဇန်နဝါရီ ၄ ရက်နေ့ ဒီကနေ့  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့  အကျဉ်းထောင်က ပြန်လွတ်လာသူတွေအထဲမှာ အမျိုးသမီးသတင်းထောက် ၂ ယောက်အပါအဝင် သတင်းထောက်အချို့လည်း ပါဝင်လာ ပါတယ်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရတဲ့ အလွတ်တန်းသတင်းထောက် မသူဇာနဲ့ ရှမ်းပြည်နယ်အခြေစိုက် ရွှေဖီမြေသတင်းဌာနရဲ့ ရုပ်သံသတင်းထောက် မလွေးအမ်ဖောင်းတို့ ဒီနေ့ပြန်လည်လွတ်မြောက်လာတယ်လို့ သူတို့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

VOM သတင်းဌာနက သတင်းထောက် ကိုပြည့်ဖြိုးအောင်၊ 7 Day သတင်းဌာနက သတင်းထောက်ဟောင်း ကိုစိုင်းကိုကိုထွန်းနဲ့ ကိုကျော်ဇေယျ (သတင်းထောက်ချုပ် / မော်ကွန်း) တို့လည်း  ဒီနေ့မှာ ပြန်လည်လွတ်မြောက်လာပါတယ်။ 

ဒါ့ပြင် ပြည်မြို့ အကျဉ်းထောင်ကနေ  သတင်းထောက် ရဲထွန်းဦး (ခ) မောင်ကောင်း(အလင်းမြေ) ဒီနေ့ နေ့လယ်က ပြန်လွတ်မြောက်လာတယ်လို့ မြို့ခံတွေကပြောပါတယ်။ 

ဒီနေ့လွတ်မြောက်လာတဲ့အထဲမှာ သတင်းထောက်အရေအတွက် စုစုပေါင်းဘယ်လောက် ပါဝင်သလဲဆိုတာကိုတော့  လတ်တလော အတည်မပြုနိုင်သေးပါဘူး။

ရန်ကုန်အခြေစိုက် အလွတ်တန်းသတင်းထောက် အလှလေးသူဇာ (ခ) မသူဇာဟာ  စစ်တပ်မုန်းတီးရေး ရေးသားဖြန့်ဝေခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး ပုဒ်မ ၅၀၅ (က) နဲ့  အင်းစိန်ထောင်တွင်း တရားရုံးမှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ပိတ်သိမ်းခံရတဲ့ သတင်းမီဒီယာဌာန  တဒါဇင်ကျော်ရှိပြီး  ၃၁ ဒီဇင်ဘာ ၂၀၂၂ ထိ ဖမ်းဆီးထိန်းသိမ်းခံရသူ သတင်းသမား အနည်းဆုံး ၁၅၆ ယောက်ရှိခဲ့ကာ ၄ ဦး သေဆုံးခဲ့ပါတယ်။ ဒီအထဲက ၉၇ ဦးမှာ လွတ်မြောက်လာခဲ့ပြီး အကျဥ်းထောင်များထဲတွင် အနည်းဆုံး ၅၅ ဦး ကျန်နေပါသေးတယ်။

မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံပြီးရင် ကမ္ဘာမှာ  သတင်းသမားတွေကို ဖမ်းဆီးထောင်ချတဲ့ ဒုတိယအဆိုးဝါးဆုံးနိုင်ငံ ဖြစ်တယ်လို့လည်း အမေရိကန်အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) ကလည်း ထုတ်ပြန်ထားပါတယ်။

RSF ရဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းစာရင်းထဲက နိုင်ငံ ၁၈၀ မှာ မြန်မာနိုင်ငံဟာ  သတင်းလွတ်လပ်ခွင့်အဆိုးဆုံးနိုင်ငံအဆင့် ၁၇၆ မှာ ရှိနေပါတယ်။

16 hours Ago

ထားဝယ်ထောင်မှ နိုင်ငံရေးအကျဥ်းသားများ အပါအဝင် ၉၀ ကျော်ပြန်လွတ် (ဓာတ်ပုံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ထားဝယ်အကျဥ်းထောင်ကနေ ဒီကနေ့ ဇန်နဝါရီ ၄ ရက် နေ့လယ်ပိုင်းက နိုင်ငံရေးအကျဥ်းသားနဲ့ အကျဥ်းသူ စုစုပေါင်း ၄၀ ကျော် အပါအဝင် အကျဥ်းသားတချို့ပြန်လွတ်မြောက်လာပါတယ်။

၇၅ နှစ်ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ထားဝယ်အကျဥ်းထောင်ကနေ အကျဥ်းသား အကျဥ်းသူ စုစုပေါင်း ၉၀ ခန့် လွှတ်ပေးတဲ့အထဲ နိုင်ငံရေးအကျဥ်းသား ၃၄ ဦးနဲ့ နိုင်ငံရေးအကျဥ်းသူ ၁၂ ဦး ပါဝင်တာ ဖြစ်ပါတယ်။

ဓာတ်ပုံ - ပေးပို့

19 hours Ago

လားရှိုးထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၈ ဦးအပါအဝင် အကျဉ်းသား ၁၀၁ ဦး လွတ်မြောက် ( ဓာတ်ပုံ)

ရှမ်းပြည်နယ်၊ လားရှိုးအကျဉ်းထောင်ကနေ  ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆို ထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား  ၁၈ ဦးအပါအဝင် အမျိုးသား  ၇၄ ဦး၊ အမျိုးသမီး  ၂၇ ဦးဟာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁)အရ လွတ်ငြိမ်းသက်သာခွင့်နဲ့ ဇန်နဝါရီ ၄ ရက် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်မြောက်လာပါတယ်။

19 hours Ago

ပြည်မြို့အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၈ ဦး အပါအဝင် ၉၉ ဦးပြန်လွတ်

၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အနေနဲ့ ပြည်အကျဉ်းထောင်ကနေ  သတင်းထောက်တယောက်၊ နိုင်ငံရေးအကျဉ်းသား ၁၈ ယောက်အပါအဝင် အကျဉ်းသား စုစုပေါင်း ၉၉ ယောက်ကို  ဒီနေ့ ဇန်နဝါရီ ၄ ရက်က ပြန်လွှတ်ပေးလိုက်တယ်လို့ နိုင်ငံရေးအကျဉ်းသား အသိုက်အဝန်းက သိရပါတယ်။

ပြန်လွတ်လာသူတွေထဲမှာ ပုဒ်မ (၅၀၅) နိုင်ငံရေးပုဒ်မနဲ့ အဖမ်းခံရသူ ၁၈ ယောက်ပဲပါဝင်ပြီး  လွတ်ရက်စေ့ခါနီးလူတွေကိုပြန်လွှတ်ပေးလိုက်တာဖြစ်သလို ပြန်လွတ်လာသူ အများစုက ခိုးမှု၊ ၊ ဆေးမှုတွေနဲ့ ဆိုင်ကယ်လိုင်စင်ကြောင့် အဖမ်းခံထားရသူတွေဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တယောက်က ‘မနေ့ကတည်းက သူတို့လာပြောတာ လွတ်မယ့်အထဲမှာပါတယ်ဆိုလို့ မနက် ၈ နာရီလောက်ကတည်းက ပြည်ထောင်ရှေ့မှာ သွားစောင့်နေတာ၊ လာစောင့်နေကြတာလူတွေ အများကြီးပဲ၊ သူတို့ လွှတ်မဲ့သူအားလုံးကို အဆောင်တွေကနေ မနက်တည်းက ထုတ်လာပြီး မိန်းဂျေးမှာ ထိုင်နေရတာ အမိန့်မလာသေးလို့လည်း ပြောတယ်။ ဗိုလ်ရှုသဘင်ပြီးမှ လွှတ်မယ်ဆိုပြီး ထိုင်စောင့်နေရတာ။ တကယ်လွှတ်တော့ နေ့လယ် ၂ နာရီခွဲလောက်မှ လွှတ်တယ်” လို့ပြောပါတယ်။ 

ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ မဇင်မာဝင်း၊ ကိုအောင်ချိုဦး၊ ကိုအိန္ဒာနေမျိုး၊ ကိုဘိုတောက်၊ ကိုခင်မောင်ထွန်း၊ ဦးမြင့်လွင် (ခ) မိုးမိုက်မိုက်၊ သတင်းထောက် ရဲထွန်းဦး (ခ) မောင်ကောင်း(အလင်းမြေ)၊ မျိုးမင်းထွန်း (ခ) ဦးကယား၊၊ ဝိုင်းဝိုင်းလည်၊ မရီဝေနှင်းစက်၊ ကိုကျော်သူရဝင်း၊ ကိုသန်းထိုက်အောင်(ခ) ကလေးလေး၊ ဦးမင်းလွင် ၊ ကိုအောင်သူ၊ ကိုဇော်မင်းဦး၊ ဒေါ်နီနီဆွေ၊ မနှင်းနှင်းဝေနဲ့ မမိုးသွယ်ကြည် တို့ပါဝင်ပါတယ်။

၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်း အကျဉ်းထောင်တွေရှိ အကျဉ်းသားပေါင်း ၇၀၁၂ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ စစ်ကောင်စီက ဇန်နဝါရီ ၄ ရက်  နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

19 hours Ago

ကချင်အမျိုးသားကွန်ဂရက် (KNC) ပါတီဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လ ပြန်လွတ်လာ

မြစ်ကြီးနားအကျဉ်းထောင်မှာ ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ၂  နှစ်ချမှတ်ခံထားရတဲ့ ကချင်အမျိုးသားကွန်ဂရက် (KNC) ပါတီဥက္ကဋ္ဌ  ဒေါက်တာအမ်ကောန်လ ဇန်နဝါရီ ၄ ရက် ဒီနေ့  ပြန်လွတ်မြောက်လာပြီလို့ သူ့ရဲ့ မိသားစုအသိုက်အဝန်းက ပြောပါတယ်။ 

ဒေါက်တာအမ်ကောန်လဟာ ၇၅ နှစ် စိန်ရတု လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ 

“ထောင်ဒဏ် ၂နှစ်က နည်းနည်းလိုသေးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လွတ်လာတော့ ကောင်းတာပဲ။ ရှေ့ဆက်လုပ်ဆောင်ရမယ့် လုပ်ငန်းတွေလည်း ရှိသေးတော့” လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။ 

ကချင်အမျိုးသားကွန်ဂရက်(KNC) တာဝန်ရှိသူတစ်ဦးကလည်း “ဒီနေ့ နေ့လယ် ၁ နာရီက လွတ်လာပြီ။ သူနဲ့တော့ မတွေ့ရသေးဘူး။ သူလုပ်ငန်းတွေ ပြန်ဆောင်ရွက်ဖို့ကတော့ ကျနော်တို့ CEC အစည်းအဝေးတွေ လုပ်ပြီးမှပဲ ပြောနိုင်မယ်။” လို့ ပြောပါတယ်။

ဒေါက်တာအမ်ကောန်လကို နေပြည်တော်မှာရှိတဲ့ သူ့ရဲ့နေအိမ်ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနေ ၂၀၂၁ ခုနှစ် ဩဂုတ် ၂၅  ရက်နေ့က  ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ ပုဒ်မ ၅၀၅ - က နဲ့ တရားစွဲဆိုပြီးတဲ့နောက် ၂၀၂၂ ခုနှစ် မတ် ၂၃  ရက်နေ့မှာ ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ပြစ်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီးနောက်မှာလည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒု-ဗိုလ်မှူးကြီး သန်းထိုက်အောင်ကနေ တရားလိုလုပ်ပြီး မြစ်ကြီးနားမြို့အမှတ်(၁)ရဲစခန်းမှာ ပုဒ်မ ၅၀၅-က နဲ့ပဲ အမှုထပ်ဖွင့်ထားတာကြောင့်  အမှုရင်ဆိုင်ဖို့အတွက် ရမည်းသင်းအကျဉ်းထောင်ကနေ မြစ်ကြီးနား အကျဉ်းထောင်ကို ၂၀၂၂ မေလ ၉ ရက်နေ့က ရောက်ရှိခဲ့ပါတယ်။

မြစ်ကြီးနား အမှတ် ၁ ရဲစခန်းမှာ စွဲဆိုထားတဲ့ အမှု အထမမြာက်တဲ့အတွက် ၂၀၂၂ ဇွန်လ ၂၂ ရက်နေ့မှာ အဲဒီအမှုကနေ တရားသေလွတ်မြောက်ခဲ့ပြီး နေပြည်တော် ဇမ္ဗူသီရိတရားရုံးက ချမှတ်ထားတဲ့ ထောင်ဒဏ် ၂  နှစ်ကို မြစ်ကြီးနားအကျဉ်းထောင်မှာ ဆက်လက် ကျခံခဲ့ရတာ ဖြစ်ပါတယ်။

ဒေါက်တာ အမ်ကောန်လဟာ စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်သူ့နိုင်ငံရေးရှေ့ဆောင်အဖွဲ့ (KPPF) ကို ဦးဆောင်တည်ထောင်ခဲ့သူဖြစ်ပြီး KPPF ရဲ့ လုပ်ဆောင်ချက်တွေတွေဟာ နိုင်ငံတော် အကြည်ညိုပျက်စေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဒေါက်တာအမ်ကောန်လကို   ပုဒ်မ ၅၀၅ - က နဲ့ တရားစွဲဆိုထောင်ချခဲ့တာဖြစ်ပါတယ်။‌

20 hours Ago

စိန်ရတုလွတ်လပ်ရေးနေ့ အကျဉ်းသားပေါင်း ၇၀၁၂ ဦးကို လွတ်ငြိမ်းခွင့်ပေး၊ စာရေးဆရာမ သန်းမြင့်အောင်၊ စာရေးဆရာ ထင်လင်းဦး၊ ဒေါက်တာ အာကာမိုးသူ၊ သူရဦးအောင်ကိုတို့ ပြန်လွတ်

၇၅  နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်  နိုင်ငံတဝန်း အကျဉ်းထောင်တွေရှိ အကျဉ်းသား ပေါင်း ၇၀၁၂ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်တယ်လို့ စစ်ကောင်စီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ဇန်နဝါရီ ၄ ရက်  နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

လွတ်လပ်ရေးအထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းစေဖို့နဲ့ လူမှုရေးအရ ငဲ့ညှာထောက်ထားတဲ့ အနေနဲ့လည်းကောင်း၊ နိုင်ငံတော်ရဲ့ မေတ္တာနဲ့ စေတနာကို နားလည်စေဖို့ ရှေးရှုတဲ့အနေနနဲလည်းကောင်း အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား အကျဉ်းသူ ပေါင်း  ၇၀၁၂ ဦးကို စစ်ကောင်စီ ခေါင်းဆောင်က ပြစ်ဒဏ်လျှော့ပေါ့ လွတ်ငြိမ်းခွင့် ပြုလိုက်တာလို့ ဆိုပါတယ်။

ဒါပေမဲ့ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ ၁ အရ နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ဒီပြစ်ဒဏ်အပြင် အခု ကျခံဖို့နဲ့ ကျန်တဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံဖို့ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ လွတ်ငြိမ်းခွင့်ပြုတာလို့လည်း  ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒါ့အပြင်  လူသတ်မှု၊ မုဒိမ်းမှု၊ မတရားအသင်းဆက်သွယ်မှု၊ အကြမ်းဖက်မှု၊ အဂတိမှု စတဲ့ အမှုတွေကလွဲပြီး ကျန်တဲ့ ပြစ်မှုတွေနဲ့ ကျခံနေရသူတွေကိုလည်း ပြစ်ဒဏ်ရဲ့ ၆ ပုံ ၁ ပုံ သက်သာခွင့် ပြုလိုက်တယ်လို့ သီးခြားထုတ်ပြန်ထားပါတယ်။

အင်းစိန်ထောင်ကနေ ဒီကမွန်းလွဲပိုင်း ပြန်လည် လွတ်မြောက်လာတဲ့နိုင်ငံရေး အကျဉ်းသားတွေထဲမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ စာရေးဆရာ ထင်လင်းဦးနဲ့ ရန်ကုန်တက္ကသိုလ်၊ အရှေ့တိုင်းပညာဌာန ပါမောက္ခ ဆရာ​ ဒေါက်တာအာကာမိုးသူတို့ပါဝင်ပါတယ်။ 

စာရေးဆရာထင်လင်းဦး

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုကတော့ မနေ့ည ၇ နာရီလောက်ကတည်းက လွှတ်ပေးလိုက်တယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်တဲ့ ရှေ့နေတယောက်ကပြောပါတယ်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ အစိုးရအဖွဲ့ဝင်တွေ၊ ဝန်ကြီးတွေ၊ လွှတ်တော်အမတ်တွေ၊ အန်အယ်လ်ဒီပါတီဝင်တွေ၊ အနုပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ စတဲ့ စစ်အာဏာရှင်ဆန့်ကျင်တဲ့ အင်အားစုတွေများစွာဟာ ဖမ်းဆီးတရားစွဲဆို ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။

ဝန်ကြီး သူရဦးအောင်ကို အဂတိလိုက်စားမှုစွဲချက်နဲ့ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းမှာ စစ်ကောင်စီက ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့ပြီး ပရဟိတကူညီလုပ်ဆောင်မှုတွေနဲ့ လူသိများတဲ့ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်ကိုလည်း ပုဒ်မ ၅၀၅-က နဲ့ ၂ဝ၂၁ ခုနှစ် အကုန်ပိုင်းမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချခဲ့တာဖြစ်ပါတယ်။

ဒီနေ့ ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့မှာ အကျဉ်းသားတွေ ပြန်လွှတ်မယ်ဆိုတဲ့ သတင်းကြောင့် ရန်ကုန်မြို့၊ အင်းစိန်ထောင် အပါအဝင် အကျဉ်းထောင်တွေမှာ မိသားစုဝင်တွေ လာရောက်စောင့်ဆိုင်းနေကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကလည်း နိုင်ငံတဝန်းက အကျဉ်းသား အကျဉ်းသူ ၅,၇၀၀ ကျော်ကို ပြန်လွှတ်ခဲ့ပေမဲ့ နိုင်ငံရေးအကျဉ်းသား အနည်းငယ်ပဲ ပါဝင်ခဲ့ပါတယ်။

လွတ်လပ်ရေးနေ့မှာ အကျဉ်းသားလွှတ်မယ်ဆိုတဲ့ သတင်းကြောင့် လာရောက် စောင့်ဆိုင်းသူတွေဟာ ရန်ကုန်မြို့တွင်းကအပြင် ရန်ကုန်မြို့ အနီးဝန်းကျင် မြို့တွေကပါ ကားစီးလုံးငှားပြီး ဒီနေ့မနက်ပိုင်းကတည်းက လာရောက် စောင့်ဆိုင်းနေကြတာလည်း ဖြစ်ပါတယ်။

20 hours Ago

ပေါင်းတည်ထောင်မှ နိုင်ငံရေးအကျဉ်းသား ၉ ဦး အပါအဝင် ၈၀ ကျော်ပြန်လွတ်

(၇၅)  နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ပဲခူးတိုင်း၊ ပေါင်းတည် အကျဉ်းထောင်ကနေ လွတ်ရက်စေ့ခါနီး  နိုင်ငံရေးအကျဉ်းသား ၉ ယောက်အပါအဝင် အကျဉ်းသား စုစုပေါင်း ၈၁ ယောက် ပြန်လွှတ်ပေးလိုက်တယ်လို့  ထောင်နဲ့နီးစပ်တဲ့ နိုင်ငံရေးအကျဉ်းသား အသိုက်အဝန်းက သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တယောက်က“အခုလွှတ်တာတွေက ထောင်နေသားနဲ့ လက်ကျန်ကာလ တစ်နှစ်နဲ့ တစ်နှစ်အောက်တွေနဲ့  လွတ်ဖို့ ၁ နှစ်အလိုတွေပဲ လွှတ်တာ။ နိုင်ငံရေးအကျဉ်းသားက ၉ ယောက်ပဲပါတာ။ ကျန်တဲ့ ၇၂ ယောက်က၊ ခိုးဆိုးလုနှိုက်၊ ဆေးမှု၊ ဆိုင်ကယ်ဖမ်းမှုတွေအများဆုံးပဲ။ တချို့တွေအများစုက ဆိုင်ကယ်ဖမ်းခံရလို့ ၆ လ၊  ၃ လ၊  ၁ လ ပဲထောင်ချထားသူတွေကို ထည့်လွှတ်တာ။ အဲ့ဒါကြောင့် လူများသွားတာ။ လွှတ်မယ်ဆိုတာတော့ မနေ့က ညကတည်းက လာပြောထားလို့ အခုလာကြိုနေတာ”လို့ ပြောပါတယ်၊

ဒီနေ့ပြန်လွတ်လာတဲ့ အကျဉ်းသားတွေအနေနဲ့  နိုင်ငံပိုင် ရုပ်မြင်သံကြားကနေထုတ်လွှင့်ပြသနေတဲ့   နေပြည်တော် လွတ်လပ်ရေးနဲ့ အခမ်းအနားကို ကြည့်ရှုနေကြရတာကြောင့် နေ့ခင်းပိုင်းအထိ ထောင်အပြင်ကို ထွက်မလာနိုင်ကြဘူးလို့လည်းသိရပါတယ်။

“အခုထိအပြင်ကိုမရောက်သေးဘူး ၊ မနက် ၈ နာရီ လောက်ကတည်းက ဘူးဝအပြင်ကို ရောက်နေကြတာ။ အခုထိဟောတုန်းပြောတုန်း၊ အထဲကိုလှမ်းမေးကြည့်တာတော့  TV က လာနေတဲ့ စစ်ကောင်စီရဲ့  ဗိုလ်ရှုအခမ်းအနားလုပ်နေတာမပြီးသေးလို့။ အဲ့ဒါကိုလည်း တိုက်ရိုက်ကြည့်နေရတာ။ အခုဆို နေ့ခင်း ၁ နာရီကျော်နေပြီ။ အဲ့ဒီ ဗိုလ်ရှုသဘင်ပြီးမှ လွှတ်ရမယ်တဲ့။  ကလေးတွေလည်း ထမင်းဆာနေကြပြီ” လို့ အကျဉ်းသားမိသားစုဝင် ကပြောပါတယ်။

ပေါင်းတည်ထောင်ကနေ ပြန်လွတ်လာသူမယ့်အထဲမှာ ကိုထက်ဝေဖြိုး၊ ဦးပြုံးချို၊ ကိုစိုင်း ထက်အောင်၊ ကိုဝင်းထွဋ်၊ ကိုရဲမင်းထွန်း ၊ ကိုထက်ကိုကိုလင်း၊ ကိုကောင်းထက်နိုင်၊ ကိုသန့်ဇင်ဦးနဲ့ မလွင်မာဦးတို့ပါတယ်လို့ ထောင် ဝန်ထမ်းတယောက်ထံက သိရပါတယ်။

21 hours Ago
Up