မလေးရှားနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ Petronas ရဲ့ လုပ်ငန်းခွဲတွေဖြစ်တဲ့ PETRONAS Carigali Myanmar Inc (PCMI) နဲ့ PC Myanmar (Hong Kong) Limited (PCML) ကုမ္ပဏီတို့ဟာ မြန်မာနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်ရှိ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း ရဲတံခွန် လုပ်ကွက်အမှတ် M12၊ M13 နဲ့ M14 တို့ကနေ နုတ်ထွက်ကြောင်း ဧပြီ ၂၉ ရက် ဒီနေ့ ကြေညာပါတယ်။
ပြောင်းလဲနေတဲ့ စက်မှုပတ်ဝန်းကျင်နဲ့ အရှိန်မြှင့်နေတဲ့ စွမ်းအင်အကူးအပြောင်းကြားမှာ ကုမ္ပဏီရဲ့ တိုးတက်မှုရည်မှန်းချက်တွေနဲ့ကိုက်ညီအောင် Petronas ရဲ့ မဟာဗျူဟာအလိုက် စေ့စပ်သေချာတဲ့ နည်းပညာ- ကူးသန်းရောင်းဝယ်ရေး ပြန်လည်သုံးသပ်မှုအပြီးမှာ ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာလို့ ကုမ္ပဏီက ပြောပါတယ်။
သူ့ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ မနှစ်က အာဏာသိမ်းပြီးကတည်းက စစ်တပ်က ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို ရက်ရက်စက်စက် ဖြိုခွင်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ မငြိမ်မသက်ဖြစ်နေမှုတွေကိုတော့ နုတ်ထွက်ရတဲ့ အကြောင်းရင်းအဖြစ် မဖော်ပြထားပါဘူး။
PC Myanmar (Hong Kong) Limited (PCML) ကုမ္ပဏီဟာ ရဲတံခွန်ဓာတ်ငွေ့စီမံကိန်းကို ၂၀၀၃ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့ပြီး သူဟာ အစုရှယ်ယာ ၄၀ ဒသမ ၉ ရာခိုင်နှုန်း ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။
တခြားလုပ်ဖော်ကိုင်ဖက်တွေမှာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း က ၂၀ ဒသမ ၅ ရာခိုင်နှုန်း၊ Nippon Oil Exploration (Myanmar) Limited က ၁၉ ဒသမ ၃ ရာခိုင်နှုန်း နဲ့ PTTEP International Limited ၁၉ ဒသမ ၃ ရာခိုင်နှုန်း တို့ ပါဝင်ပါတယ်။
ကိုးကား- Petronas/CNA
ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒိုက သူ့နိုင်ငံထဲမှာ ဖက်စပ်လုပ်ကိုင်နေတဲ့ စွမ်းအင်ကုမ္ပဏီတွေကို ဒီမိုကရေစီလမ်းကြောင်းအတိုင်း စွဲစွဲမြဲမြဲလျှောက်ဖို့ မတ်လ ၁၇ ရက်က ဆော်ဩလိုက်ပါတယ်။
ရေနံရောင်းချသူနိုင်ငံများအသင်းအိုပက်အဖွဲ့ဝင် ဗင်နီဇွဲလားနိုင်ငံအပေါ် အမေရိကန်က ရေနံဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှု ဖြေလျှော့ရေး ဖြစ်နိုင်ချေအတွက် ဆွေးနွေးနေချိန်မှာ ခုလို ပြောလိုက်တာပါ။
စွမ်းအင်ကုမ္ပဏီတွေ အနေနဲ့ သဘာဝပတ်ဝန်းကျင်နဲ့သာမက ဒီမိုကရေစီနဲ့ပါ လိုက်လျောညီထွေ ဖြစ်စေဖို့ သူမျှော်လင့်တယ်လို့ ဂွယ်ဒိုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဗင်နီဇွဲလားနိုင်ငံထဲမှာ လုပ်ငန်းလည်ပတ်နေတဲ့ အမေရိကန်ကုမ္ပဏီ ရှယ်ဗရွန်က ဗင်နီဇွဲလား အစိုးရအပေါ် ဒဏ်ခတ်မှုကို အမေရိကန်အစိုးရက ဖြေလျှော့ပေးခဲ့ရင် ဗင်နီဇွဲလားနိုင်ငံတွင်း ဖက်စပ်လုပ်နေတဲ့ လုပ်ငန်းတွေကို ထိန်းချုပ်ဖို့နဲ့ အမေရိကန်ဆီ ရေနံဖြန့်ဖြူးမှု တိုးမြှင့်ဖို့ ပြင်ဆင်နေတာပါ။
ရုရှားရေနံတွေကို တားမြစ်ပိတ်ပင်ပြီးတဲ့နောက် အစားထိုးအနေနဲ့ ရေနံစိမ်းရဖို့ အမေရိကန် အစိုးရက ကြိုးစားနေပါတယ်။
စီမံကိန်းကြွေးမြီတွေ ဖြေရှင်းဖို့ ဗင်နီဇွဲလားရေနံကို လက်ခံရေး အမေရိကန်အစိုးရရဲ့ အတည်ပြုချက်ရဖို့ တခြားကုမ္ပဏီတွေကလည်း ကြိုးစားနေပါတယ်။
၂၀၁၈ ဗင်နီဇွဲလား ရွေးကောက်ပွဲမှာ လက်ရှိသမ္မတမာဒူရို ပြန်ရွေးကောက် တင်မြှောက်ခံရတယ်ဆိုတဲ့ ရလဒ်ကို အတုအယောင်အဖြစ် ခေါ်ဝေါ်အပြီး အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ဂွယ်ဒိုကို ဗင်နီဇွဲလားရဲ့ မှန်ကန်တဲ့ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုထားပါတယ်။