စွမ်းအင်ကုမ္ပဏီများကို ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် သတိပေး

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒိုက သူ့နိုင်ငံထဲမှာ ဖက်စပ်လုပ်ကိုင်နေတဲ့ စွမ်းအင်ကုမ္ပဏီတွေကို ဒီမိုကရေစီလမ်းကြောင်းအတိုင်း စွဲစွဲမြဲမြဲလျှောက်ဖို့ မတ်လ ၁၇ ရက်က ဆော်ဩလိုက်ပါတယ်။
ရေနံရောင်းချသူနိုင်ငံများအသင်းအိုပက်အဖွဲ့ဝင် ဗင်နီဇွဲလားနိုင်ငံအပေါ် အမေရိကန်က ရေနံဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှု ဖြေလျှော့ရေး ဖြစ်နိုင်ချေအတွက် ဆွေးနွေးနေချိန်မှာ ခုလို ပြောလိုက်တာပါ။
စွမ်းအင်ကုမ္ပဏီတွေ အနေနဲ့ သဘာဝပတ်ဝန်းကျင်နဲ့သာမက ဒီမိုကရေစီနဲ့ပါ လိုက်လျောညီထွေ ဖြစ်စေဖို့ သူမျှော်လင့်တယ်လို့ ဂွယ်ဒိုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဗင်နီဇွဲလားနိုင်ငံထဲမှာ လုပ်ငန်းလည်ပတ်နေတဲ့ အမေရိကန်ကုမ္ပဏီ ရှယ်ဗရွန်က ဗင်နီဇွဲလား အစိုးရအပေါ် ဒဏ်ခတ်မှုကို အမေရိကန်အစိုးရက ဖြေလျှော့ပေးခဲ့ရင် ဗင်နီဇွဲလားနိုင်ငံတွင်း ဖက်စပ်လုပ်နေတဲ့ လုပ်ငန်းတွေကို ထိန်းချုပ်ဖို့နဲ့ အမေရိကန်ဆီ ရေနံဖြန့်ဖြူးမှု တိုးမြှင့်ဖို့ ပြင်ဆင်နေတာပါ။
ရုရှားရေနံတွေကို တားမြစ်ပိတ်ပင်ပြီးတဲ့နောက် အစားထိုးအနေနဲ့ ရေနံစိမ်းရဖို့ အမေရိကန် အစိုးရက ကြိုးစားနေပါတယ်။
စီမံကိန်းကြွေးမြီတွေ ဖြေရှင်းဖို့ ဗင်နီဇွဲလားရေနံကို လက်ခံရေး အမေရိကန်အစိုးရရဲ့ အတည်ပြုချက်ရဖို့ တခြားကုမ္ပဏီတွေကလည်း ကြိုးစားနေပါတယ်။
၂၀၁၈ ဗင်နီဇွဲလား ရွေးကောက်ပွဲမှာ လက်ရှိသမ္မတမာဒူရို ပြန်ရွေးကောက် တင်မြှောက်ခံရတယ်ဆိုတဲ့ ရလဒ်ကို အတုအယောင်အဖြစ် ခေါ်ဝေါ်အပြီး အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ဂွယ်ဒိုကို ဗင်နီဇွဲလားရဲ့ မှန်ကန်တဲ့ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုထားပါတယ်။