ချက်နိုင်ငံမြို့တော်ပရာ့ဂ်မှာ အစိုးရရဲ့ စွမ်းအင်အကျပ်အတည်းအပေါ် တုံ့ပြန်မှုနဲ့ ယူကရိန်းကို လက်နက်တွေထောက်ပံ့ပေးနေတဲ့ အမေရိကန်ဦးဆောင်တဲ့ နေတိုးအဖွဲ့ကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲကြီးတခု စက်တင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့ပါတယ်။
ဒီဆန္ဒပြပွဲကို The Czech Republic အဖွဲ့က ဦးဆောင်ခဲ့တာဖြစ်ပြီး မနေ့ မွန်းလွဲပိုင်းမှာ ပရာ့ဂ်မြို့ ဝမ်န်ဆလ်စ်ရင်ပြင်က လူထုစုဝေးပွဲမှာ လူ ၁၀,၀၀၀ နီးပါးလောက် ပါဝင်တက်ရောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ဆန္ဒပြသူတွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ စွမ်းအင်အကျပ်အတည်းကို စီမံခန့်ခွဲဖို့ ပျက်ကွက်တယ်လို့ စွပ်စွဲခံထားရတဲ့ အစိုးရ နုတ်ထွက်ပေးဖို့ တောင်းဆို ဆန္ဒပြကြပါတယ်။
သူတို့ဟာ ရုရှားဓာတ်ငွေ့ ရောင်းချသူတွေနဲ့ တိုက်ရိုက်အဆက်အသွယ်ရှိသူတွေကို စွမ်းအင်ဈေးနှုန်း လျှော့ချပေးဖို့ တောင်းဆိုခဲ့တဲ့အပြင် စစ်ရေးဆိုင်ရာကြားနေမှုကို ထိန်းသိမ်းဖို့အတွက် နေတိုးအဖွဲ့ကနေ နုတ်ထွက်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။
အလားတူ တောင်းဆိုဆန္ဒပြပွဲတွေကို ဒုတိယအကြီးဆုံးမြို့ ဘရ်နို၊ ပလ်ဇင်န်နဲ့ လိဘရက်စ် အပါအဝင် ချက်နိုင်ငံ မြို့ကြီးတွေမှာ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ ဆန္ဒပြပွဲဟာ ချက်သမ္မတနိုင်ငံမှာ တလအတွင်း ဒုတိယအကြိမ်မြောက် ဆန္ဒပြပွဲဖြစ်ပါတယ်။
စက်တင်ဘာလ အစောပိုင်းက မြို့တော်မှာ လူပေါင်း ၇၀,၀၀၀ လောက် တက်ရောက်ခဲ့တဲ့ အလားတူ ဆန္ဒပြပွဲကို ကျင်းပခဲ့ပြီး ဆန္ဒပြသူတွေဟာ အစိုးရရဲ့ အနောက်လိုလားတဲ့ မူဝါဒတွေဟာ ချက်အကျိုးစီးပွားကို ထိခိုက်စေတာ၊ ရုရှားနဲ့ ယူကရိန်းကြား ပဋိပက္ခမှာ ပါဝင်ပတ်သက်တာ၊ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေ လုပ်တာနဲ့ မြင့်မားတဲ့ စွမ်းအင်စျေးနှုန်းတွေနဲ့ ပတ်သက်ပြီး ဘာဆိုဘာမှ မလုပ်ဆောင်တာတွေကို ဝေဖန်ခဲ့ကြပါတယ်။
ရုရှားက ဥရောပ တတိုက်လုံးကို ဓာတ်ငွေ့တင်ပို့မှု လုံးဝဖြတ်တောက်ခဲ့ပါက စွမ်းအင်အကျပ်အတည်းအတွက် ပြင်ဆင်ထားဖို့ နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) ရဲ့ အမှုဆောင်ဒါရိုက်တာ ဖှာတီ ဘီရိုးက ဥရောပကို သတိပေးခဲ့ပါတယ်။
IEA က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ရင်းနှီးမြှုပ်နှံမှုဟာ ၂၀၂၂ ခုနှစ်မှာ ၈ ရာခိုင်နှုန်း တိုးလာဖို့ မျှော်လင့်ထားပေမယ့် လက်ရှိ စွမ်းအင်အကျပ်အတည်းနဲ့ ရာသီဥတုပြောင်းလဲမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ မလုံလောက်ပဲ ဖြစ်နေတာပါ။
ဥရောပဟာ ရုရှားဆီက စွမ်းအင်ထောက်ပံ့မှု လုံးဝဆုံးရှုံးနိုင်တာကြောင့် အရေးပေါ်အစီအစဉ်တွေ လုပ်ထားဖို့ လိုတယ်လို့လည်း ဘီရိုးက ပြောခဲ့ပါတယ်။
လောင်စာသိုလှောင်တာ၊ နျူကလီးယား ဓာတ်အားပေးစက်ရုံတွေ ဖွင့်တာနဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ ပြန်စတာ အပါအဝင် အစီအမံတွေ ဆောင်ရွက်ထားဖို့ ဥရောပနိုင်ငံတွေကို တိုက်တွန်းထားတယ်လို့ ဘီရိုးက ပြောပါတယ်။
ရုရှရဲ့ အထူးစစ်ရေးမဏ္ဍိုင်မှာ အီးယူဟာ သူ့ရဲ့ ရေနံဓာတ်ငွေ့ ၄၀ ရာခိုင်နှုန်းလောက်ကို ရုရှားဆီကရပြီး အဓိက ရေနံပေးသွင်းသူလည်း ဖြစ်ပါတယ်။
ဧပြီ ၁ ရက်နေ့ကစပြီး ရူဘယ်ငွေနဲ့ မပေးချေပါက ၀ယ်လက်တွေဆီ ဓာတ်ငွေ့ပေးတာ ရပ်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ကတိပြုထားပါတယ်။
သဘာဝဓာတ်ငွေ့ ကုန်သွယ်မှုဆိုင်ရာ စည်းမျဉ်းသစ်တရပ်ကိုလည်း ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်မှာ သမ္မတအမိန့်စာ လက်မှတ်ရေးထိုးထားပါတယ်။
လက်ရှိမှာ ရုရှားဟာ ရူဘယ်ငွေနဲ့ ပေးချေဖို့ ငြင်းထားတဲ့ ပိုလန်၊ ဖင်လန်နဲ့ ဘူလ်ဂေးရီးယား အပါအဝင် ဥရောပနိုင်ငံအသီးသီးကို ဓာတ်ငွေ့မဖြန့်ဘဲ ဖြတ်တောက်ထားပါတယ်။
ပြုပြင်ထိန်းသိမ်းဖို့ မွန်ထရီရယ်မြို့ဆီ ပို့ထားတဲ့ သဘာဝဓာတ်ငွေ့သုံး တာဘိုင်ကို ပြန်ရဖို့ နှောင့်နှေးကြန့်ကြာနေလို့ ရုရှားဓာတ်ငွေ့ကုမ္ပဏီ Gazprom ဟာ ဇွန်လလယ်မှာ ဥရောပဆီ ဓာတ်ငွေ့ထောက်ပံ့မှု ၆၀ ရာခိုင်နှုန်း ဖြတ်တောက်ခဲ့ပါတယ်။