close

စွမ်းအင်အကျပ်အတည်းအတွက် ပြင်ဆင်ထားရန် ဥရောပကို IEA သတိပေး

ရုရှားက ဥရောပ တတိုက်လုံးကို ဓာတ်ငွေ့တင်ပို့မှု လုံးဝဖြတ်တောက်ခဲ့ပါက စွမ်းအင်အကျပ်အတည်းအတွက် ပြင်ဆင်ထားဖို့ နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) ရဲ့ အမှုဆောင်ဒါရိုက်တာ ဖှာတီ ဘီရိုးက ဥရောပကို သတိပေးခဲ့ပါတယ်။

IEA က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ရင်းနှီးမြှုပ်နှံမှုဟာ ၂၀၂၂ ခုနှစ်မှာ ၈ ရာခိုင်နှုန်း တိုးလာဖို့ မျှော်လင့်ထားပေမယ့် လက်ရှိ စွမ်းအင်အကျပ်အတည်းနဲ့ ရာသီဥတုပြောင်းလဲမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ မလုံလောက်ပဲ ဖြစ်နေတာပါ။ 

ဥရောပဟာ ရုရှားဆီက စွမ်းအင်ထောက်ပံ့မှု လုံးဝဆုံးရှုံးနိုင်တာကြောင့် အရေးပေါ်အစီအစဉ်တွေ လုပ်ထားဖို့ လိုတယ်လို့လည်း ဘီရိုးက ပြောခဲ့ပါတယ်။ 

လောင်စာသိုလှောင်တာ၊ နျူကလီးယား ဓာတ်အားပေးစက်ရုံတွေ ဖွင့်တာနဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ ပြန်စတာ အပါအဝင် အစီအမံတွေ ဆောင်ရွက်ထားဖို့ ဥရောပနိုင်ငံတွေကို တိုက်တွန်းထားတယ်လို့ ဘီရိုးက ပြောပါတယ်။ 

ရုရှရဲ့ အထူးစစ်ရေးမဏ္ဍိုင်မှာ အီးယူဟာ သူ့ရဲ့ ရေနံဓာတ်ငွေ့ ၄၀ ရာခိုင်နှုန်းလောက်ကို ရုရှားဆီကရပြီး အဓိက ရေနံပေးသွင်းသူလည်း ဖြစ်ပါတယ်။ 

ဧပြီ ၁ ရက်နေ့ကစပြီး ရူဘယ်ငွေနဲ့ မပေးချေပါက ၀ယ်လက်တွေဆီ ဓာတ်ငွေ့ပေးတာ ရပ်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ကတိပြုထားပါတယ်။ 

သဘာဝဓာတ်ငွေ့ ကုန်သွယ်မှုဆိုင်ရာ စည်းမျဉ်းသစ်တရပ်ကိုလည်း ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်မှာ သမ္မတအမိန့်စာ လက်မှတ်ရေးထိုးထားပါတယ်။ 

လက်ရှိမှာ ရုရှားဟာ ရူဘယ်ငွေနဲ့ ပေးချေဖို့ ငြင်းထားတဲ့ ပိုလန်၊ ဖင်လန်နဲ့ ဘူလ်ဂေးရီးယား အပါအဝင် ဥရောပနိုင်ငံအသီးသီးကို ဓာတ်ငွေ့မဖြန့်ဘဲ ဖြတ်တောက်ထားပါတယ်။ 

ပြုပြင်ထိန်းသိမ်းဖို့ မွန်ထရီရယ်မြို့ဆီ ပို့ထားတဲ့ သဘာဝဓာတ်ငွေ့သုံး တာဘိုင်ကို ပြန်ရဖို့ နှောင့်နှေးကြန့်ကြာနေလို့ ရုရှားဓာတ်ငွေ့ကုမ္ပဏီ Gazprom ဟာ ဇွန်လလယ်မှာ ဥရောပဆီ ဓာတ်ငွေ့ထောက်ပံ့မှု ၆၀ ရာခိုင်နှုန်း ဖြတ်တောက်ခဲ့ပါတယ်။

//
Up