close

စွဲချက်တင်

close

July 9, 2021

ဦးဝင်းထိန်ကို စွဲချက်တင်မတင် ဇူလိုင် ၁၆ရက်နေ့ အမိန့်ချမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်) သဘာပတိအဖွဲ့ဝင်   ဦးဝင်းထိန်အမှုရုံးချိန်းကို ဇူလိုင် ၉ ရက် ဒီကနေ့  နေပြည်တော်မှာ ခေါ်ယူခဲ့ပြီး စွဲချက်တင်သင့်မသင့် နှစ်ဖက်လျှောက်လဲချက် တင်ခဲ့ကြပါတယ်။

ဦးဝင်းထိန်အမှုကို စွဲချက်တင်မတင်ကိုတော့ ဇူလိုင် ၁၆ ရက်နေ့ အမိန့်ချမယ်လို့ ရှေ့နေဒေါ်မင်းမင်းစိုးကပြောပါတယ်။

ဦးဝင်းထိန်ကို စွဲချက်မတင်သင့်ကြောင်း ရှေ့နေဒေါ်မင်းမင်းစိုးက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၉၆ အပါအဝင် စီရင်ထုံး အချက်အလက် ၄ ခုနဲ့ လျှောက်လဲချက်တင်ခဲ့ပါတယ်။

"ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၉၆ အရ  နိုင်ငံတော်သမ္မတအမိန့်အရဖြစ်စေ နိုင်ငံတော်သမ္မတထံမှ အခွင့်အမိန့်အရဖြစ်စေ နိုင်ငံတော်သမ္မတက အာဏာအပ်နှင်းထားတဲ့အရာရှိကဖြစ်စေ တိုင်တန်းချက်မပြုဘဲနဲ့ မည်သည့်တရားရုံးကမျှ အရေးမယူရလို့ ဖော်ပြထားတာဖြစ်တဲ့အတွက် စစ်ကောင်စီတိုင်တန်းချက် အမိန့်စာတိုင်တန်းချက်မှာ လက်မှတ်ရေးထိုးထားတဲ့ပုဂ္ဂိုလ်ဟာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၉၆ နဲ့ ကိုက်ညီမှုမရှိတာထင်ရှားကြောင်း ကျမတို့က လျှောက်လဲချက်တင်ထားပါတယ်။ အစိုးရရဲ့လုပ်ဆောင်ချက်ကို စေတနာနဲ့ဝေဖန်ဖို့ နိုင်ငံရေးသမား၊ သတင်းစာဆရာနဲ့ စာရေးဆရာတွေက ဝေဖန်ဖို့လိုတယ်ဆိုတာကို ကျမတို့က စီရင်ထုံးတွေကိုးကားပြီး လျှောက်လဲချက်တင်ထားပါတယ်။ အခုအမှုမှာ တရားစွဲဆိုခံရသူဟာ NLD ရဲ့နာယကဖြစ်တဲ့အတွက်ကြောင့် သတင်းစာရှင်းလင်းပွဲမှာပြောကြားချက်တွေဟာ စေတနာနဲ့ဝေဖန်ခွင့်ရှိတဲ့ နိုင်ငံရေးသမားရဲ့ဝေဖန်ချက်ဖြစ်တဲ့အတွက်ကြောင့် စွဲချက်မတင်မီ လွှတ်တဲ့အမိန့်ကို ချမှတ်ပေးဖို့ လျှောက်လဲချက်တင်ခဲ့ပါတယ်" လို့ ဒေါ်မင်းမင်းစိုးကပြောပါတယ်။

တရားရုံး ဥပဒေအရာရှိကတော့ ဦးဝင်းထိန်ကို စွဲချက်တင်သင့်တယ်လို့ လျှောက်လဲချက်တင်ခဲ့ပါတယ်။

ဦးဝင်းထိန်အမှုနဲ့ပတ်သက်ပြီး တရားလိုတင်သွင်းတဲ့သက်သေတွေကိုလည်း ရှေ့နေတွေက ကန့်ကွက်ခဲ့ပေမယ့် တရားရုံးကလက်ခံခဲ့တဲ့ အတွက် ဝေဖန်တာတွေရှိခဲ့ပါတယ်။

"ဥပဒေအရာရှိကတော့ တရားလို၊ လိုပြသက်သေနဲ့ သက်သေခံစာရွက်စာတမ်းတွေအရ စွပ်စွဲခံရသူဟာ အစိုးရကိုမုန်းထားအောင် မလေးစားအောင် မေတ္တာပျက်အောင် အားထုတ်ခြင်း ပြောဆိုခြင်းတို့နဲ့ ငြိစွန်းနေတဲ့အတွက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄(က) အရ စွဲချက်တင်ဖြေရှင်းစေသင့်ကြောင်းဆိုပြီးတော့ လျှောက်လဲချက်ပေးပါတယ်" လို့ ဒေါ်မင်းမင်းစိုးကပြောပါတယ်။

ဦးဝင်းထိန်ကို နေပြည်တော် ဥတ္တရသီရိခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက် နေ့က တရားစွဲဆိုခဲ့တာပါ။

တရားလိုရဲ့စွပ်စွဲချက်မှာတော့ ဦးဝင်းထိန်က ဖေဖော်ဝါရီ ၁ ရက် သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်အောင်ပြောဆိုပြီး သူ့ရဲ့ပြည်သူတွေဆီကိုပေးတဲ့ ပန်ကြားစာအရ တရားစွဲတာလို့ ဖော်ပြပါတယ်။

ဦးဝင်းထိန်ကို စွဲဆိုထားတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) ဟာ ပြစ်မှုထင်ရှားရင် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် အနှစ် ၂၀ အထိချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

11 hours Ago

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စွဲချက်တင်အမိန့်ချ

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက ဖမ်းဆီးစွဲဆိုထားတဲ့အမှုတွေနဲ့ ပတ်သက်လို့ ဇူလိုင် ၉ ရက်နေ့က စွဲချက်တင်အမိန့်ချခဲ့ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (ခ) ၊ သဘာဝဘေးစီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၅ / ၃၀ (က) တို့နဲ့ စစ်ကောင်စီက တရားစွဲဆိုထားကာ တရားလိုနဲ့ တရားလိုပြ သက်သေတွေ စစ်ဆေးပြီးဖြစ်တာကြောင့် စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ပဲ စွဲချက်တင်ခဲ့တာပါ။

“ဝန်ကြီးချုပ်ကြီး အနေနဲ့ ထောင်ထဲမှာ အရင်ရက်တွေက ရာသီဥတု အရမ်းပူတော့ ကျန်းမာရေး မကောင်းတာတော့ဖြစ်တယ်။ အရမ်းတော့ စိုးရိမ်စရာအခြေအနေမရှိပါဘူး။” လို့ ရှေ့နေ တစ်ဦး က ပြောပါတယ်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာဝေဒနာ ခံစားနေရတဲ့ လူနာ တစ်ဦးလည်းဖြစ်ပါတယ်.

သူ့ရဲ့ အမှုနဲ့ ပတ်သက်လို့ ဇူလိုင် ၃၀  ရက်နေ့မှာ ဆက်လက်ရုံးချိန်းပေးခဲ့ပြီး ပြန်ခေါ်သက်သေစစ်ဖို့ တင်ပြထားတယ်လို့ သိရပါတယ်။

12 hours Ago

July 2, 2021

ဦးဝင်းထိန်အမှု စွဲချက်တင် သင့်၊မသင့် ဇူလိုင် ၉ ရက်နေ့ နှစ်ဖက်လျှောက်လဲချက်တင်မည်

NLD နာယက ဦးဝင်းထိန်အမှုရုံးချိန်းကို ဇူလိုင် ၂ ရက်နေ့က နေပြည်တော်မှာခေါ်ယူခဲ့ပြီး တရားလိုပြသက်သေ ဥတ္တသီရိခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသန်းညွန့်အောင်ကို တရားရုံးက စစ်ဆေးခဲ့ပါတယ်။

တရားလို ဦးအေးလူအပါအဝင် တရားလိုနဲ့ လိုပြသက်သေ ၃ ဦးစလုံးကို စစ်ဆေးပြီးပြီဖြစ်တဲ့အတွက် ဇွန်လ ၉ ရက်နေ့ရုံးချိန်းကြရင် အမှုကို စွဲချက်တင်သင့်မတင်သင့် နှစ်ဖက်လျှောက်လဲချက် တင်သွင်းကြမှာဖြစ်ပါတယ်။

"တရားလိုဘက်ကိုစစ်တာ အကုန်ပြီးသွားပါပြီ။ နောက်ရုံးချိန်းက စွဲချက်တင်သင့်မတင်သင့် နှစ်ဖက်လျှောက်လဲချက် တင်ရမှာပါ။ လျှောက်လဲချက်တင်ပြီး နောက်ထပ်ရုံးချိန်းကြမှ စွဲချက်အမိန့်ကို ချမှာဖြစ်ပါတယ်" လို့ ဦးဝင်းထိန်ရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးကပြောပါတယ်။

ဦးဝင်းထိန်ဟာ ဇူလိုင် ၂ ရက်နေ့ရုံးချိန်းမှာ ကျန်းမာရေးကောင်းမွန်နေပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတတို့ရဲ့အမှုတွေအကြောင်း သူ့ရဲ့ရှေ့နေကိုမေးမြန်းခဲ့ပါတယ်။ 

နိုင်ငံရေးအကြောင်း ဦးဝင်းထိန်က မှတ်ချက်တစုံတရာမပေးခဲ့ဘဲ ဥပဒေအတိုင်းဆောင်ရွက်ကြဖို့  သူ့ရဲ့ရှေ့နေတွေကို ပြောဆိုထားပါတယ်။

"ကျန်းမာပါတယ်။ လန်းလန်းဆန်းဆန်းဖြစ်နေပါတယ်။ ရှေ့နေတွေကို  ယုံယုံကြည်ကြည်လွှဲထားတယ်။ တစ်ဖက်ကလည်း သူတို့လုပ်စရာရှိတာလုပ်မှာပဲ။ ကိုယ့်ဘက်ကလည်း လုပ်စရာရှိတာသာလုပ်ပါလို့ ဘဘက ပြောပါတယ်" လို့ ဒေါ်မင်းမင်းစိုးကပြောပါတယ်။

ဇွန်လ ၂၅ ရက်နေ့ရုံးချိန်းတုန်းကတော့ ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည် အမြဲတမ်းကျန်းမာနေမှဖြစ်မယ်လို့ ပြောဆိုခဲ့ပါတယ်။ သူကိုယ်တိုင်လည်း ကျန်းမာရေးပိုကောင်းဖို့လိုတယ်လို့ ဆိုခဲ့ပါတယ်။ ဦးဝင်းထိန်ကို နေပြည်တော် ဥတ္တရသီရိခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလူက ဖေဖော်ဝါရီ ၄ရက် နေ့က တရားစွဲဆိုခဲ့တာပါ။ 

တရားလိုရဲ့စွပ်စွဲချက်မှာတော့ ဦးဝင်းထိန်က ဖေဖော်ဝါရီ ၁ ရက် သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်အောင်ပြောဆိုပြီး သူ့ရဲ့ပြည်သူတွေဆီကိုပေးတဲ့ ပန်ကြားစာအရ တရားစွဲတာလို့ ဖော်ပြပါတယ်။  

ဦးဝင်းထိန်ကို စွဲဆိုထားတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဟာ ပြစ်မှုထင်ရှားရင် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်နိုင်တဲ့ပုဒ်မဖြစ်ပါတယ်။

1 week Ago
Up