ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဒဏ် ခံနေရတဲ့ ဆင်းရဲတဲ့နိုင်ငံတွေကို ကူညီဖို့နဲ့ ရန်ပုံငွေထူထောင်ဖို့ COP27 ရာသီဥတု ထိပ်သီးအစည်းအဝေးအတွင်း နိုဝင်ဘာ ၂၀ ရက်မှာ ကမ္ဘာ့နိုင်ငံတွေ သဘောတူညီမှုရခဲ့ကြပါတယ်။
COP27 ရဲ့ အကြီးအကဲ ဆာမက် ရှော့ကရီက အစည်းအဝေး သဘောတူညီမှု စာရွက်စာတမ်းကို လက်မှတ်ရေးထိုးပြီး ကြေညာခဲ့တာပါ။
ဒါပေမဲ့ ကမ္ဘ့ာရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဖြေရှင်းဖို့ ဘယ်လိုမျိုး လုပ်ဆောင်သွားမယ်ဆိုတဲ့ ကျယ်ပြန့်တဲ့ သဘောတူညီမှုကိုတော့ ရှေ့ဆက် မဆွေးနွေးနိုင်ခဲ့ဘဲ ဖြစ်ခဲ့ရပါသေးတယ်။
ညလုံးပေါက် တင်းတင်းမာမာ ဆွေးနွေးခဲ့ရတဲ့ သဘောတူညီမှု မူကြမ်းကို ထုတ်ပြန်ခဲ့ပြီး အပြီးသတ် သဘောတူညီမှု လုပ်ဆောင်ဖို့ တပြိုင်နက်တည်း တောင်းဆိုခဲ့ကြတာပါ။
မုန်တိုင်းနဲ့ ရေလွှမ်းမိုးမှုလို ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ခံစားနေရတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ကုန်ကျစရိတ်တွေကို ခံနိုင်ရည်ရှိစေဖို့ ပျက်စီးဆုံးရှုံးမှုတွေအတွက် ရန်ပုံငွေထူထောင်ရေး ပြဋ္ဌာန်းချက်ကို အတည်ပြုခဲ့ကြပါတယ်။
ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးဘဏ်တွေဟာ ဆင်းရဲတဲ့နိုင်ငံတွေမှာ ရာသီဥတုပြောင်းလဲမှုရဲ့ သက်ရောက်မှုတွေကို လိုက်လျောညီထွေဖြစ်အောင် ဦးစားပေးလုပ်ဆောင်ဖို့ လိုတယ်လို့ ဘီလ် အန် မယ်လင်ဒါဂိတ်စ် ဖောင်ဒေးရှင်းရဲ့ အမှုဆောင်အရာရှိချုပ် မာ့ခ် ဆက်ဇ်မဲန်းက ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
အီဂျစ်နိုင်ငံ၊ ရှမ်အယ်လ်ရှိတ်မြို့မှာ ကျင်းပနေတဲ့ COP27 ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲရဲ့ ဆက်စပ်အစည်းအဝေးမှာ မာ့ခ် ဆက်ဇ်မဲန်းက ပြောလိုက်တာပါ။
လိုက်လျောညီထွေဖြစ်အောင်နေတဲ့ ဘဏ္ဍာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာပေမဲ့ လိုအပ်တာထက် နည်းပါးနေသေးတယ်လို့လည်း သူက ပြောပါတယ်။
လိုက်လျောညီထွေဖြစ်ရေး ခေါင်းစဉ်ကို နိုဝင်ဘာ ၈ ရက်နေ့ကျင်းပတဲ့ ညီလာခံရဲ့ အဓိက အကြောင်းအရာအဖြစ် သတ်မှတ်ထားပါတယ်။
ဖောင်ဒေးရှင်းဟာ အသေးစား တောင်သူလယ်သမားတွေ ရာသီဥတုဘေးကို ပိုမိုခံနိုင်ရည် ရှိလာစေရေး ကူညီပေးဖို့ ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ ကတိပြုခဲ့ပါတယ်။ ဒါဟာ အခုအချိန်အထိ လိုက်လျောညီထွေဖြစ်စေရေး အကြီးမားဆုံး ပံ့ပိုးကူညီမှုဖြစ်ခဲ့ပါတယ်။
ကမ္ဘာ့အကြီးဆုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဘဏ် MDBs တွေဟာ ဆင်းရဲနွမ်းပါးတဲ့နိုင်ငံတွေ အတွက် ၂၀၂၁ ခုနှစ်မှာ လိုက်လျောညီထွေဖြစ်တဲ့ ဘဏ္ဍာငွေအတွက် ဒေါ်လာ ၁၇ ဘီလီယံ သုံးစွဲခဲ့တယ်လို့ ငွေချေးသူတွေရဲ့ မကြာသေးမီက အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ယူကရိန်းပဋိပက္ခကြောင့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်နဲ့ စားနပ်ရိက္ခာဖူလုံမှု အကျပ်အတည်းတွေ၊ ရာသီဥတုဖောက်ပြန်မှုတွေ ပိုဆိုးလာလို့ ကမ္ဘာ့ဘဏ်လို MDBs တွေ စုပေါင်းပြီး ဝင်ငွေနည်းတဲ့ အလယ်အလတ်နိုင်ငံတွေအတွက် ဘဏ္ဍာငွေ အများဆုံးပံ့ပိုးမှုတွေ ပိုလုပ်ဖို့လိုတယ်လို့ ဆက်ဇ်မဲန်းက ပြောခဲ့ပါတယ်။