COP27 ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံ၌ ဆင်းရဲသည့်နိုင်ငံများကို ကူညီရန် သဘောတူ

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဒဏ် ခံနေရတဲ့ ဆင်းရဲတဲ့နိုင်ငံတွေကို ကူညီဖို့နဲ့ ရန်ပုံငွေထူထောင်ဖို့ COP27 ရာသီဥတု ထိပ်သီးအစည်းအဝေးအတွင်း နိုဝင်ဘာ ၂၀ ရက်မှာ ကမ္ဘာ့နိုင်ငံတွေ သဘောတူညီမှုရခဲ့ကြပါတယ်။
COP27 ရဲ့ အကြီးအကဲ ဆာမက် ရှော့ကရီက အစည်းအဝေး သဘောတူညီမှု စာရွက်စာတမ်းကို လက်မှတ်ရေးထိုးပြီး ကြေညာခဲ့တာပါ။
ဒါပေမဲ့ ကမ္ဘ့ာရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဖြေရှင်းဖို့ ဘယ်လိုမျိုး လုပ်ဆောင်သွားမယ်ဆိုတဲ့ ကျယ်ပြန့်တဲ့ သဘောတူညီမှုကိုတော့ ရှေ့ဆက် မဆွေးနွေးနိုင်ခဲ့ဘဲ ဖြစ်ခဲ့ရပါသေးတယ်။
ညလုံးပေါက် တင်းတင်းမာမာ ဆွေးနွေးခဲ့ရတဲ့ သဘောတူညီမှု မူကြမ်းကို ထုတ်ပြန်ခဲ့ပြီး အပြီးသတ် သဘောတူညီမှု လုပ်ဆောင်ဖို့ တပြိုင်နက်တည်း တောင်းဆိုခဲ့ကြတာပါ။
မုန်တိုင်းနဲ့ ရေလွှမ်းမိုးမှုလို ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ခံစားနေရတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ကုန်ကျစရိတ်တွေကို ခံနိုင်ရည်ရှိစေဖို့ ပျက်စီးဆုံးရှုံးမှုတွေအတွက် ရန်ပုံငွေထူထောင်ရေး ပြဋ္ဌာန်းချက်ကို အတည်ပြုခဲ့ကြပါတယ်။