ရန်ကုန်မြို့က တော်လှန်သော လူငယ်တွေအနေနဲ့ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန်းကျင်ကြဖို့ “No More ASEAN 5PC, Anti_Sham_2023_Election” ဆိုတဲ့ စာသားပါ ဘန်နာကို နိုဝင်ဘာ ၁၂ ရက်က ရန်ကုန်မြို့တနေရာမှာ ချိတ်ဆွဲပြီး တောင်းဆိုလှုပ်ရှားခဲ့ကြပါတယ်။
နိုင်ငံတကာ အသိုက်အဝန်းကို လှည့်စားဖို့ ကြံရွယ်နေတဲ့ စစ်ကောင်စီပြုလုပ်မယ့် ၂၀၂၃ ရွေးကောက်ပွဲကို ပြည်သူတွေအနေနဲ့ ဆန့်ကျင်ပယ်ချကြဖို့အပြင် အာဆီယံအနေနဲ့ အလုပ်မဖြစ်တဲ့ ဘုံသဘောတူညီချက် ၅ ချက်ကိုလည်း ဆက်လက်ဆွဲကိုင်ထားတာတွေ ရပ်တန့်ဖို့ကို တိုက်တွန်းခဲ့ကြတာပါ။
အာဆီယံထိပ်သီး ညီလာခံအစည်းအဝေးကျင်းပနေချိန် စစ်ကောင်စီကို ခုခံတော်လှန်မှု အားကောင်းနေတဲ့ စစ်ကိုင်းတိုင်းက ပြည်သူတွေအနေနဲ့လည်း အာဆီယံအနေနဲ့ အလုပ်မဖြစ်တဲ့ အာဆီယံမူ ၅ ချက်ကို စွဲကိုင်နေတာကို ချက်ချင်းရပ်တန့်ဖို့ အမျိုးသားညီညွတ်အစိုးရ နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ဆိုတဲ့ စာသားဘန်နာတွေကို ကိုင်စွဲကာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
အာဏာသိမ်းစစ်တပ်အနေနဲ့ အာဏာသိမ်းပြီးနောက် ၂၁ လအတွင်း ပြည်သူ ၂,၄၄၄ ယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၁၆,၁၅၆ ဖမ်းဆီးထောင်ချကာ နေအိမ်ပေါင်း ၃၈,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သလို လက်ရှိမှာလည်း ပြည်တွင်းစစ်ပြေးဒုက္ခသည် ၁,၆၅၀,၆၁၁ ဦး ထက်မနည်းရှိလာခဲ့တယ်လို့ လွတ်လပ်သော သုတေသနအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။
ကရင်ပြည်နယ်၊ ဘားအံမြို့မှာ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာပါဝင်တဲ့ ပြည်သူတွေကို ဖမ်းဆီးစဉ် ထွက်ပြေးဖို့ ကြိုးစားသူ၊ ခုခံသူတွေကို အသေပစ်သတ်ဖမ်းဆီးဖို့ စစ်ကောင်စီလက်အောက်ခံ တပ်မ၂၂ က ညွှန်ကြားထားတယ်လို့ တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်ပြီး လွတ်မြောက်နယ်မြေအသီးသီးမှာ တိမ်းရှောင်နေရာက နေအိမ်ကိုပြန်လည်ရောက်ရှိနေသူတွေကို သတင်းအရ ဖမ်းဆီးစဉ် ထွက်ပြေးဖို့ ကြိုးစားသူ၊ ခုခံသူတွေကို အသေပစ်သတ်ဖမ်းဆီးဖို့ အပတ်စဉ်အစည်းအဝေးတစ်ခုမှာ လက်အောက်ခံတပ်ဖွဲ့တွေကို ညွှန်ကြားလိုက်တာလို့ ဆိုပါတယ်။
CDM ဝန်ထမ်းတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ဆန္ဒပြပွဲအတွင်းပါဝင်သူတွေအနေနဲ့ ပြစ်မှုကျူးလွန်ထားခြင်းမရှိဘဲ စိုးရိမ်စိတ်လွန်ကဲပြီး ထွက်ပြေးတိမ်ရှောင်နေသူတွေကို အရေးယူခြင်းမပြုဘဲ ပြန်လည်လက်ခံကြိုဆိုသွားမယ်လို့ စစ်ကောင်စီအာဘော် မီဒီယာတွေကနေ ကြေညာနေပေမဲ့ အောက်ခြေစစ်တပ်ကတော့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ဖို့ ညွှန်ကြားချက်တွေ ထွက်ပေါ်လာတာပါ။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူ မြို့ခံတစ်ဦးက"အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်တဲ့ဘယ်သူမဆို ဖမ်းဆီးလို့ ထွက်ပြေးတာနဲ့ အသေပစ်သတ်ဖို့ ညွှန်ကြားထားတယ် သိရတယ်။ မြင်သမျှကို PDF ဆိုပြီး လိုက်လံဖမ်းဆီးတာတွေရှိတယ်။ စကစကို မယုံကြည်ဖို့ ပြောချင်တယ်"လို့ ဆိုပါတယ်။
စစ်တပ်ကလူငယ်တွေကို လိုက်လံဖမ်းဆီးပြီး PDF အဖွဲ့ဝင်အဖြစ်စွပ်စွဲ ရိုက်နှက် ပစ်ခတ်သတ်ဖြတ်နေတဲ့ အတွက်စစ်ကောင်စီကို မယုံကြည်ကြဖို့ ပအိုဝ်းပြည်သူကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒွယ်) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"စစ်ကောင်စီရဲ့ လှည့်ကွက်ထဲ မဝင်မိဖို့ ပြောချင်တယ်။ နိုင်ငံတကာအလယ်မှာ လူသားချင်းစာနာထောက်ထားတဲ့ ပုံစံ စစ်ကောင်စီကမျက်နှာလုပ်တဲ့ ထုတ်ပြန်ကြေညာချက်ပဲ ဖြစ်တယ်။ ကျနော်တို့ ဆက်လက်ပြီးတော်လှန်နေဖို့ လိုတယ်။ အခုလျှောက်တဲ့လမ်းက မှန်ကန်နေတဲ့ လမ်းဖြစ်လို့ သတ္တိရှိရှိ ယုံယုံကြည်ကြည်ရှိဖို့ လိုတယ်။ အရေးတော်ပုံ အောင်ကို အောင်ရမယ်"လို့ ဆိုပါတယ်။
PDF လက်နက်ကိုင်တွေရဲ့ ပြောက်ကျားတိုက်ခိုက်မှုတွေကို တန်ပြန်ခုခံဖို့ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ မြိုတွင်း မြို့ပြင် လမ်းဆုံတွေမှာ စစ်ဆေးရေးဂိတ်မှန်သမျှ သဲအိတ်၊ သစ်တုံးတွေနဲ့ အဟန့်အတားတွေ ပြုလုပ်ကာရံပြီး တာဝန်ထမ်းဆောင်ကြဖို့ စစ်ကောင်စီက တပ်ရင်းတပ်ဖွဲ့နဲ့လက်အောက်ခံ ဌာနဆိုင်ရာတွေကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေအနီး တာဝန်မရှိဘဲ ချဉ်းကပ်လာသူတွေကို PDF ယူဆရပါက ပစ်ခတ်ဖို့တပါတည်း ပစ်မိန့်ပေးထားကြောင်း စစ်ကောင်စီနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အောက်တို့ဘာ ဒုတိယပတ်က မြဝတီမြို့နယ်၊ ဝေါ့လေကျေးရွာက လူငယ်သုံးဦးကို စစ်ကောင်စီရဲ့ တပ်က အတင်းအဓမ္မဖမ်းဆီးပြီး PDF လို့ စွပ်စွဲကာ ရိုက်နှက်ဖမ်းဆီးခဲ့ပါတယ်။
ရန်ကုန်မှာလည်း ၈၈ မျိုးဆက်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီကို စစ်ကောင်စီတပ်တွေက အကြမ်းဖက် ဖမ်းဆီးခဲ့တာကြောင့် ဦးခေါင်းမှာ ဒဏ်ရာရပြီး စစ်ဆေးရုံမှာ တက်ရောက် ဆေးကုသမှု ခံယူနေရပါတယ်။