ပရီးမီးယားလိဂ်ဆီတန်းတက်နိုင်မယ့် ချန်ပီယံရှစ် ပလေးအော့ဖ်ကစားခွင့်ကို မထင်မှတ်တဲ့အခြေအနေကနေ ဆန်းဒါးလန်းအသင်းကရယူနိုင်ခဲ့ပါတယ်။
ချန်ပီယံရှစ်နောက်ဆုံးပွဲစဉ်တွေကို မနေ့ညက တချိန်တည်းယှဉ်ပြိုင်ကစားကြရမှာ ပြိုင်ဘက် မီဝေါလ်အသင်းက ပထမပိုင်းကတည်းက ဘလက်ဘန်းကို ၃ဂိုး ၁ဂိုးနဲ့ အနိုင်ရနေခဲ့ပြီး ဆန်းဒါးလန်းကတော့ ပထမပိုင်းမှာ ပရက်စ်တန်နဲ့ ဂိုးမရှိနဲ့သရေကျနေခဲ့တာပါ။
ပွဲပြီးဆုံးချိန်မှာတော့ မီဝေါလ်အသင်းက ဘလက်ဘန်းကို ၄ ဂိုး ၃ဂိုးနဲ့ အိမ်ကွင်းမှာရှုံးနိမ့်သွားခဲ့ပြီး ဆန်းဒါးလန်းက ပရက်စ်တန်ကို ၃ ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့တာပါ။
ပလေးအော့ဖ်ကစားခွင့်ရမယ့် အဆင့် ၆ နေရာကို ဆန်းဒါးလန်က ဘလက်ဘန်းနဲ့ ရမှတ်ချင်းတူပေမဲ့ ဂိုးကွာားချက်အရ ရယူနိုင်ခဲ့တာပါ။
ဆန်းဒါးလန်းဟာ လိဂ်ဝမ်းမှာ လေးရာသီဆက်တိုက် ကစားခဲ့ရပြီး မနှစ်က ချန်ပီယံရှစ်ဆီ တန်းတက်လာခဲ့တာပါ။
တန်းတက်ခွင့်အတွက် ပလေးအော့ဖ် ပွဲစဉ်တွေအဖြစ် ဆန်းဒါးလန်းက မေလ ၁၃ ရက်မှာ လူတန်တောင်းနဲ့ ပထမအကျော့ကစားရမှာဖြစ်ပြီး ကိုဗင်ထရီနဲ့ မစ်ဒယ်ဘရော့တို့က မေလ ၁၄ ရက်မှာ ယှဉ်ပြိုင်သွားရမှာပါ။
ချန်ပီယံရှစ်ချန်ပီယံဘန်လေ နဲ့ ရှက်ဖီးလ်ယူနိုက်တက်တို့ကတော့ တိုက်ရိုက် တန်းတက်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။
လိဂ်ဝမ်းကလပ် ဆန်းဒါးလန်းအသင်းဟာ အသင်းနည်းပြဟောင်းရွိုင်ကိန်းကို နည်းပြချုပ်အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
မန်ယူဂန္ထဝင်ကွင်းလယ်လူ ရွိုင်ကိန်းဟာ လက်ရှိအချိန် ရုပ်သံအစီအစဉ်တွေမှာ တင်ဆက်သူအနေနဲ့ လုပ်ကိုင်နေပြီး နည်းပြလောကနဲ့ ကင်းကွာနေတာ ၁၁ နှစ်လောက်ရှိပါပြီ။
ဒါပေမယ့် လက်ထောက်နည်းပြအနေနဲ့တော့ အိုင်ယာလန်၊ အက်စတွန်ဗီလာနဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းတွေမှာ ၂၀၁၉ ခုနှစ်အထိ တာဝန်ယူခဲ့ဖူးပါတယ်။
နည်းပြဘဝကို ၂၀၀၆ ခုနှစ်က ဆန်းဒါးလန်းအသင်းနဲ့ စတင်ခဲ့တဲ့ ရွိုင်ကိန်းကို ဆန်းဒါးလန်အသင်းကပဲ ပြန်လည်ခန့်အပ်ဖို့ စီစဉ်ထားတာပါ။
ဆန်းဒါးလန်းအသင်းဟာ ဇန်နဝါရီ ၁၉ ရက်က ဘော်တန်ကို ၆ ဂိုး ဂိုးမရှိနဲ့ ရူံးနိမ့်ခဲ့ပြီးနောက် နည်းပြ လီးဂျွန်ဆင်ကို ရာထူးကနေထုတ်ပယ်ခဲ့ပါတယ်။
ရွိုင်ကိန်းဟာ ၂ဝဝ၇ ခုနှစ်က ဆန်းဒါးလန်းအသင်းကို ကိုင်တွယ်စဉ် ပရီးမီးယားလိဂ်ကို တန်းတက်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ချန်ပီယံရှစ်ရဲ့အကောင်းဆုံးနည်းပြဆုရခဲ့ဖူးပါတယ်။
လိဂ်ဝမ်းအဆင့် ၃ မှာ ရပ်တည်နေတဲ့ ဆန်းဒါးလန်းအသင်းဟာ လာမယ့်နှစ်မှာ ချန်ပီယံရှစ်ဆီတန်းတက်ဖို့ ရည်မှန်းထားတာကြောင့် နည်းပြဟောင်းရွိုင်ကိန်းကို ပြန်လည်ခန့်အပ်ဖို့ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။