ရွိုင်ကိန်းကို နည်းပြချုပ်အဖြစ်ခန့်အပ်ရန် ဆန်းဒါးလန်းအသင်းဆွေးနွေး

လိဂ်ဝမ်းကလပ် ဆန်းဒါးလန်းအသင်းဟာ အသင်းနည်းပြဟောင်းရွိုင်ကိန်းကို နည်းပြချုပ်အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
မန်ယူဂန္ထဝင်ကွင်းလယ်လူ ရွိုင်ကိန်းဟာ လက်ရှိအချိန် ရုပ်သံအစီအစဉ်တွေမှာ တင်ဆက်သူအနေနဲ့ လုပ်ကိုင်နေပြီး နည်းပြလောကနဲ့ ကင်းကွာနေတာ ၁၁ နှစ်လောက်ရှိပါပြီ။
ဒါပေမယ့် လက်ထောက်နည်းပြအနေနဲ့တော့ အိုင်ယာလန်၊ အက်စတွန်ဗီလာနဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းတွေမှာ ၂၀၁၉ ခုနှစ်အထိ တာဝန်ယူခဲ့ဖူးပါတယ်။
နည်းပြဘဝကို ၂၀၀၆ ခုနှစ်က ဆန်းဒါးလန်းအသင်းနဲ့ စတင်ခဲ့တဲ့ ရွိုင်ကိန်းကို ဆန်းဒါးလန်အသင်းကပဲ ပြန်လည်ခန့်အပ်ဖို့ စီစဉ်ထားတာပါ။
ဆန်းဒါးလန်းအသင်းဟာ ဇန်နဝါရီ ၁၉ ရက်က ဘော်တန်ကို ၆ ဂိုး ဂိုးမရှိနဲ့ ရူံးနိမ့်ခဲ့ပြီးနောက် နည်းပြ လီးဂျွန်ဆင်ကို ရာထူးကနေထုတ်ပယ်ခဲ့ပါတယ်။
ရွိုင်ကိန်းဟာ ၂ဝဝ၇ ခုနှစ်က ဆန်းဒါးလန်းအသင်းကို ကိုင်တွယ်စဉ် ပရီးမီးယားလိဂ်ကို တန်းတက်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ချန်ပီယံရှစ်ရဲ့အကောင်းဆုံးနည်းပြဆုရခဲ့ဖူးပါတယ်။
လိဂ်ဝမ်းအဆင့် ၃ မှာ ရပ်တည်နေတဲ့ ဆန်းဒါးလန်းအသင်းဟာ လာမယ့်နှစ်မှာ ချန်ပီယံရှစ်ဆီတန်းတက်ဖို့ ရည်မှန်းထားတာကြောင့် နည်းပြဟောင်းရွိုင်ကိန်းကို ပြန်လည်ခန့်အပ်ဖို့ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။