လီဗာပူးတိုက်စစ်မှူး မိုဆာလာဟာ မိသားစုနဲ့အတူ ခရစ္စမတ်ဆုတောင်းစကားဆိုခဲ့ပြီးနောက် ပရိသတ်တချို့ရဲ့ဝေဖန်မှုခံခဲ့ရပါတယ်။
အီဂျစ်နိုင်ငံသားဆာလာဟာ မူဆလင်တစ်ဦးဖြစ်ပြီး ခရစ်ယာန် ဘာသာဝင်တွေရဲ့ ခရစ္စမတ်နေ့မှာ အင်စတာဂရမ်ကနေ ဆုတောင်းစကားဆိုခဲ့တဲ့အပေါ် မူဆလင် ပရိသတ်တချို့က ဝေဖန်ခဲ့ကြတာပါ။
ဆာလာဟာ ဇနီးဖြစ်သူ မာဂီ၊ သမီးနှစ်ဦးဖြစ်တဲ့ မက်ကာနဲ့ ကာရန် တို့နဲ့အတူ ခရစ္စမတ်သစ်ပင်ရှေ့မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့အတူ Merry Christmas ဆိုပြီး တင်ခဲ့တာပါ။
ကလေးဘဝကတည်းက လီဗာပူးပရိသတ်ဖြစ်ခဲ့ပေမယ့် ဆာလာဟာ ခရစ်ယာန်တွေနဲ့အတူ ခရစ္စမတ်မှာအောင်ပွဲခံနေတဲ့အတွက် လီဗာပူးအသင်းကိုလည်း အားပေးတော့မှာ မဟုတ်ကြောင်း ပရိသတ်တစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။
နောက်ထပ်ပရိသတ်တစ်ဦးကတော့ ဆာလာကို ရီးရီးလ်မက်ဒရစ်ပရိသတ်တစ်ဦးအနေနဲ့ ချစ်ခင်နှစ်သက်ခဲ့ပြီး အတုယူစရာကစား သမားဖြစ်ခဲ့ပေမယ့် စံပြကစားသမားအနေနဲ့ ဆက်ပြီးသတ်မှတ်တော့မှာမဟုတ်ကြောင်း ရေးသားခဲ့ပါတယ်။
အဆိုပါပရိသတ်တွေဟာ ယူကေအပြင်ဘက်က ပရိသတ်တွေဖြစ်ပြီး တချို့ကတော့ ပို့စ်ကို ပြန်ဖျက်မပေးဘူးဆိုရင် Unfollow လုပ်မယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
အသင်းဟောင်း လီဗာပူးတိုက်စစ်မှူးဆာလာနဲ့ ရန်တိုက်ပေးနေသူတွေရှိပေမယ့် ပြဿနာ တစ်စုံတစ်ရာမရှိကြောင်း ဘိုင်ယန်တိုက်စစ်မှူးမာနေးက ပြောပါတယ်။
မာနေးဟာ ၂၀၂၂ ခုနှစ်အတွက် အာဖရိကအကောင်းဆုံးကစားသမားဆုကို ဆာလာကို ကျော်ဖြတ်ပြီးရယူနိုင်ခဲ့ပါတယ်။
အဲဒီဆုကို လက်ခံရယူအပြီးမှာ ဆာလာနဲ့ ရန်တိုက်ပေးနေသူတွေရှိကြောင်း မာနေးက ပြောကြားခဲ့ပြီး ဆာလာနဲ့ ဆက်ဆံရေးအခြေအနေ ကောင်းမွန်ကြောင်း မာနေးက ပြန်လည်ဖြေရှင်းခဲ့တာပါ။
မာနေးက “တခါတလေမှာ လူတွေက ကျနော်နဲ့ မိုဆာလာကို ပြိုင်ဆိုင်မှုရှိတဲ့ ရန်ဘက်တွေဖြစ်လာအောင် ပြောကြတယ်။ ဒါပေမဲ့ အရှင်းဆုံးပြောရရင် ကျနော့်အနေနဲ့ ဘယ်ကစားသမားကိုမှ ပြိုင်ဘက်အနေနဲ့ သဘောမထားပါဘူး။ ကျနော်တို့ကြားမှာလည်း ဆက်ဆံရေးကောင်းရှိပြီး စာတိုတွေ အမြဲပို့နေကျပါ။ မီဒီယာတွေကပဲ ရန်လိုအောင် အမြဲတမ်းကြိုးစားနေကြတာဖြစ်တယ်” လို့ ပြောပါတယ်။
လီဗာပူးမှာ တွဲဖက်ကစားစဉ်က ဆာလာဟာ ဂိုးပိုရဖို့အတွက်သာ အာရုံစိုက်ပြီး မာနေးကို ဘောလုံးပေးပို့မှုမရှိခဲ့ကြောင်း မီဒီယာတွေက ရေးသားခဲ့ကြတာဖြစ်ပါတယ်။