ဆားဘီးယားနဲ့ ကိုဆိုဗိုခေါင်းဆောင်တွေဟာ ဆက်ဆံရေး ပုံမှန်ဖြစ်စေဖို့အတွက် အနောက်တိုင်း ကျောထောက်နောက်ခံပြုထားတဲ့ အပေးအယူတရပ်ကို ဖေဖော်ဝါရီ ၂၇ ရက်မှာ သဘောတူညီခဲ့တယ်လို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဇက်ဖ် ဘော်ရဲလ်က ပြောပါတယ်။
ဒါပေမဲ့ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ နောက်ထပ်ဆွေးနွေးမှုတွေ လိုအပ်နေကြောင်းလည်း ဆိုပါတယ်။
ဘရပ်ဆဲလ်စ်မှာ ဆားဘီးယားသမ္မတ အလက်ဇန်ဒါ ဗူးချီချ်နဲ့ ကိုဆိုဗိုဝန်ကြီးချုပ် အလ်ဘင်န်ကာရ်တီတို့အကြား ဆွေးနွေးပွဲတွေအပြီးမှာ ဘော်ရဲလ်က ခေါင်းဆောင်တွေဟာ စစ်ပွဲရန်သူတော်ဟောင်းကြီးတွေအကြား သဘောတူညီချက်အတွက် “နောက်ထပ် ဆွေးနွေးစရာ မလိုတော့ဘူး” လို့ သဘောတူညီခဲ့ကြကြောင်း ပြောပါတယ်။
ဒါပေမဲ့ အကောင်အထည်ဖော်မှုဆိုင်ရာ နောက်ဆက်တွဲကိစ္စက သဘောတူညီချက်အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပြီး အပြီးမသတ်ရသေးကြောင်းလည်း သူက ဆိုပါတယ်။
ဆားဘီးယားသမ္မတ ဗူးချီချ်က ဆွေးနွေးခဲ့တဲ့ ကိစ္စတွေဟာ အရေးကြီးပြီး ကောင်းကောင်း ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။
မြေပြင်ပေါ်က လူတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်မယ့် တဖက်သတ်လှုပ်ရှားမှုတွေကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ဆိုပါတယ်။
၂ နိုင်ငံဟာ အရင်ရထားပြီးသား သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုပါတယ်။
သူကတော့ သဘောတူလက်မှတ်ရေးထိုးဖို့ အဆင်သင့်ဖြစ်နေပြီး လိုလိုလားလား ရှိကြောင်းလည်း ဖော်ပြခဲ့ပေမဲ့ ဆားဘီးယားဘက်က လက်မှတ်ထိုးဖို့ အဆင်သင့် မဖြစ်သေးတာကြောင့် စာချုပ်ကို လက်မှတ်မထိုးရသေးကြောင်း ကိုဆိုဗိုဝန်ကြီးချုပ် ကာရ်တီက ပြောပါတယ်။
ကိုဆိုဗိုဟာ စစ်ပွဲအပြီး ၁၀ နှစ်နီးပါးအကြာ ၂၀၀၈ ခုနှစ်မှာ လွတ်လပ်ရေး ကြေညာခဲ့ပြီး ဆားဘီးယားအုပ်ချုပ်မှုကို အဆုံးသတ်ခဲ့တာပါ။ ဒါပေမဲ့ ဆားဘီးယားနိုင်ငံဟာ ကိုဆိုဗိုကို ခွဲထွက်ပြည်နယ်တခုအဖြစ် သတ်မှတ်ဆဲဖြစ်ပြီး နှစ်တလျှောက်မှာ ဘော်လကန် အိမ်နီးချင်းတွေအကြား စစ်ပွဲတွေ ပြန်ဖြစ်မှာကို စိုးရိမ်နေကြပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု ဂျီ ဒုတိယပွဲစဉ်အဖြစ် ကင်မရွန်းနဲ့ ဆားဘီးယားတို့ ဒီနေ့ညနေက ယှဉ်ပြိုင်ရာ ဂိုးအပြန်အလှန်သွင်းပြီး ၃ ဂိုးစီ သရေကျသွားပါတယ်။
နှစ်သင်းစလုံး အုပ်စုအဖွင့်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့အတွက် အခုပွဲ အနိုင်ရရေး အပြန်အလှန် တိုက်စစ်ဆင်ကစားပြီး ဂိုးတွေ သွင်းယူခဲ့တာပါ။
ကင်မရွန်းက ပွဲချိန် ၂၉ မိနစ်၊ ၆၃ မိနစ်နဲ့ ၆၆ မိနစ်တွေမှာ ဂိုးသွင်းယူခဲ့ပြီး ဆားဘီးယားအသင်းကတော့ ပထမပိုင်း ပွဲပြီးကာနီး နာကျင်အချိန်ပိုမှာ ၂ ဂိုး၊ ပွဲချိန် ၅၃ မိနစ်မှာ ၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ကင်မရွန်းက ဘရာဇီးနဲ့ ဆားဘီးယားက ဆွစ်ဇာလန်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ နှစ်သင်းစလုံး နောက်တဆင့်တက်နိုင်ရေး ခက်ခဲနေပါတယ်။